သိမ်းဆည်းခံထားရတဲ့ လယ်မြေဧက (၁၀၀၀) ခန့်ကို ပြန်လည်ပေးအပ်ဖို့ ပြင်ဆင်နေ

67494908_1552714091537978_308529697262665728_n.jpg

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေဧက ၁၀၀၀ ခန့်ကို ပြန်လည် ပေးအပ်ဖို့ ပြင်ဆင်နေသလို မြန်မာငွေကျပ် (၂၀၀) ဘီလီယံခန့်ရှိတဲ့ လျော်ကြေးငွေပမာဏကိုလည်း ပြန်လည် ပေးအပ်ဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အတည်ပြု ပြောကြားခဲ့ပါတယ်။

အခုပြောကြားချက်ကိုတော့ သြဂုတ် (၃) ရက်၊ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမမှာပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သိမ်းဆည်းခံလယ်ယာမြေနဲ့ပတ်သက်ပြီး တင်ပြလာတဲ့ အမှုတွဲပေါင်း (၁၂၅၂၇) မှုအနက်ကနေ (၆၀၇၇) မှုကို စိစစ်ပြီး ဖြစ်ပါတယ်။ အဲဒီစိစစ်ပြီးအမှုတွဲတွေထဲကမှ (၉၈၂) ဧကကို ပြန်လည် ပေးအပ်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ မြေဧကများကိုတော့ လျော်ကြေးပေးသွားမှာ ဖြစ်ပါတယ်။

”ပြန်ပေးရမယ့်မြေတွေကို မကြာခင်မှာ ပုံစံ (၃) ထုတ်ပေးပြီး ပြန်ပေးဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လျော်ကြေးပေးရမယ့်ကိစ္စရပ်တွေကိုလည်း ပြန်ပြီးလျော်ကြေးပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

လျော်ကြေးပေးရမယ့် လယ်ယာမြေတွေနဲ့ပတ်သက်ပြီး ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ (၇) ဘီလီယံ တောင်းခံ ထားပြီး စက်တင်ဘာလမကုန်ခင်မှာ လျော်ကြေးပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်မှာလည်း (၃၃) ဘီလီယံ တောင်းခံပြီး လျော်ကြေးပေးသွားမှာ ဖြစ်ပါတယ်။

လယ်ယာမြေသိမ်းဆည်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး (၂၀၀) ဘီလီယံခန့် လျော်ကြေးပေးဖို့ ရှိနေတာကနေ (၄၀) ဘီလီယံခန့်ကိုပဲ ဘတ်ဂျက်မှာ တောင်းခံနိုင်တာဖြစ်တဲ့အတွက် ၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘဏ္ဍာငွေမှာ တောင်းခံနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

အခုလို လယ်ယာမြေသိမ်းဆည်းခံရတဲ့ကိစ္စရပ်တွေဟာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ (၄) မြို့နယ် စတဲ့ မြို့သစ်တည်ဆောက်မှုတွေနဲ့ပတ်သက်ခဲ့တာဖြစ်ပြီး လယ်ယာမြေလျော်ကြေးပေးခဲ့မှု အားနည်းချက်တွေပဲ ဖြစ်ပါ တယ်။ အဲဒီအားနည်းချက်တွေကို အစိုးရသစ်က ပြီးပြတ်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲဒီမြို့သစ်တွေကို တည်ဆောက်ခဲ့တဲ့နေရာမှာ လယ်ယာမြေတွေကို အခြားနည်းအသုံးပြုခွင့် လျှောက်ခဲ့ရ တာပါ။ မြေတွေကို စတင်သိမ်းဆည်းစဉ်တုန်းက မြေစာရင်းပုံစံနဲ့ သိမ်းခဲ့တာဖြစ်ပြီး မြို့ပြနှင့် အိုးအိမ်ဦးစီး ဌာနကနေ မြို့ပြမြေပုံရေးဆွဲပြီး မြို့တွေတည်ဆောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top