ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲကျင်းပ

Image_4.jpg

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲဖြစ်သည့် Myanmar National Cloud & AI Contest ကို နည်းပညာနယ်ပယ်တွင် အလားအလာရှိသူများ မွေးထုတ်ရန် နှင့် မြန်မာနိုင်ငံကို AI ကမ္ဘာနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို Huawei Myanmar ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံပါမောက္ခချုပ်များ ကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပညာရေး ဝန်ကြီးဌာနမှ သုတေသနနှင့်ဆန်းသစ်တီထွင်မှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

နိုင်ငံတဝန်းမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည့် Myanmar National Cloud & AI Contest ကို ဇူလိုင်လမှ စက်တင်ဘာလအထိ ကျင်းပသွားမည်ဖြစ်သည်။ စာရင်းပေးသွင်းရမည့်ကာလကို ဇူလိုင် ၅ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြိုင်ပွဲဝင် Cloud နဲ့ AI နည်းပညာ Solutions ပေးပို့ရမည်ဖြစ်သည်။

စကာတင်အဆင့် ပြိုင်ပွဲဝင်အဖွဲ့ (၁၀) ဖွဲ့၏ အမည်စာရင်းကို သြဂုတ်လကုန်တွင် ကြေညာသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အဖွဲ့ဝင် လက်တွေ့သရုပ်ပြယှဉ်ပြိုင်ခြင်းနှင့် ဆုရွေးချယ်ပေးအပ်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားစီးပွားရေးလုပ်ငန်းများ စသဖြင့် ကြိုက်နှစ်သက်ရာကဏ္ဍအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင် Solutions များကို Windows၊ Linux၊ Android၊ iOS နှင့် အခြားသင့်လျော်သည့် OS များအသုံးပြုကာ အင်္ဂလိပ် ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ ရေးသားနိုင်သည်။

Myanmar National Cloud & AI Contest ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပြည်တွင်းမှ CDSG၊ CMHL၊ IKBZ၊ ၊ MIT၊ VANGUARD နှင့် Information Matrix စသည့် စီးပွားရေးလုပ်ငန်းကြီးများကလည်း အားဖြည့်ကူညီပေး ထားသည်။ ဓူဝံမီဒီယာကလည်း ပွဲစဉ်တစ်ခုလုံးအတွက် သီးသန့်စာနယ်ဇင်းမိတ်ဖက်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခုပြိုင်ပွဲမှ နည်းပညာအလားအလာရှိသူများကို မွေးထုတ်ပေးခြင်းဖြင့် မြန်မာ့သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ နောက်ဆုံးပေါ် နည်းပညာသစ်များ ဖြစ်သည့် IoT၊ 5G၊ cloud နှင့် AI တို့ကြောင့် ကမ္ဘာအဝန်းရှိ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ် တယ်အသွင်ကူးပြောင်းမှုများ ပိုမိုလျင်မြန်လာခဲ့သည်။ ၎င်းနည်းပညာသစ်များအသုံးပြုခြင်းဖြင့် သမားရိုးကျ IT နည်းပညာအဆင့်များကို ဖြတ်ကျော်ကာ အရှိန်အဟုန်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top