ဦးရေပြားခြောက်သွေ့မှုအတွက် အားဖြည့်ဖို့ဆိုရင်

3-11-2020-yyl-001.jpg

ဦးရေပြားခြောက်သွေ့ခြင်းကို ကြုံတွေ့ရမယ်ဆိုရင် ဘယ်လောက်သက်တောင့်သက်သာမရှိဘဲ ယားယံနေရလဲဆိုတာ သေချာပေါက်သိမှာပါ။ ဦးရေပြားယားယံတာက ဗောက်ထတာ၊ ဦးရေပြားခြောက်သွေ့တာနဲ့ ဆံပင်ကျွတ်တာတွေကို ညွှန်ပြနေတာပါ။ ရာသီဥတုအပြောင်းအလဲတဲ့အခါ (ဒါမှမဟုတ်) ဓာတုပစ္စည်းပါဝင်တဲ့ထုတ်ကုန်တွေအသုံးများတဲ့အခါ ဦးရေပြားကို ခြောက်သွေ့စေပါတယ်။ ဒါကြောင့် သဘာဝအဆီအနှစ်တွေနဲ့ပြုလုပ်ထားတဲ့ အိမ်တွင်းနည်းလမ်းတွေကို အာရုံစိုက်ဖို့လိုလာပါပြီ။ အဲဒါတွေက ဦးရေပြားကို မခြောက်သွေ့စေတဲ့အပြင် ဦးရေပြားခြောက်သွေ့တာကိုလည်း သက်သာသွားစေနိုင်ပါတယ်။ အောက်မှာဖော်ပြပေးထားတဲ့ သဘာဝအဆီအနှစ်တွေက ဦးရေပြားခြောက်သွေ့ခြင်းကို သက်သာသွားစေမယ့်အပြင် ရလဒ်ကိုလည်း နောက်ပိုင်းမှာ သိသိသာသာတွေ့မြင်ရပါလိမ့်မယ်။

အုန်းဆီ

Tea Tree အဆီတချို့နဲ့ အုန်းဆီအနည်းငယ်ကို ရောစပ်လိုက်မယ်ဆိုရင် ဆံသားအတွက် ကောင်းကောင်းလုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီအရောအနှောကို အပူပေးပြီး သင့်ဦးရေပြားမှာ လိမ်းပေးကာ (၅-၇) မိနစ်လောက် ဦးရေပြားကို နှိပ်နယ်ပေးပါ။ နှိပ်နယ်ပြီးသွားရင် ခေါင်းမလျှော်ခင် (၁) နာရီလောက် ဒီအတိုင်းထားလိုက်ပါ။ တစ်ညလုံးလိမ်းထားပြီး အိပ်မယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒါက ဦးရေပြားယားယံနာကို သက်သာသွားစေတဲ့အပြင် ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။

သံပရိုရည်

ဆံပင်ကို နှစ်ပိုင်းခွဲထားပြီး သံပရိုသီးကနေ အရည်ကို ဖိညှစ်ပြီး ထုတ်လွှတ်ပေးကာ ဦးရေပြားပေါ် ဖြည်းဖြည်းသာသာ ပွတ်ပေးလိုက်ပါ။ ပြီးရင် ခေါင်းလျှော်မချခင် (၅) မိနစ်လောက် ထားလိုက်ပြီး ခါတိုင်းလိုပဲ ဆံသားကို ပျော့ဆေးသုံးပေးလိုက်ပါ။ သံပရိုသီးက သင့်ဦးရေပြားရဲ့ pH ပမာဏကို ထိန်းပေးပြီး ဦးရေပြားယားယံတာတွေကို လျော့ချပေးပါတယ်။

ကြက်သွန်နီအရည်

ကြက်သွန်နီကို ကြိတ်ပြီး ရလာတဲ့အရည်ကို ခွက်နဲ့ (၄ပုံ ၁ပုံ) ယူပြီး ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်းနဲ့ ရောစပ်လိုက်ပါ။ အဲ (၂) ခုကို သမအောင်မွှေပြီး ဝါဂွမ်းစနဲ့ ဦးရေပြားမှာ လိမ်းလိုက်ပါ။ (၁၅-၃၀) မိနစ်လောက် ထားပြီး ခါတိုင်းသုံးနေကျခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ကြက်သွန်နီက ဦးရေပြားယားယံမှုကို သက်သာစေပြီး အားဖြည့်ပေးတဲ့ Phytochemical ဓာတ်ကြွယ်ဝပါတယ်။

ရှားစောင်းလက်ပက်ရည်

ရှားစောင်းလက်ပက်ပင်ကနေ ထုတ်ယူထားတဲ့ ဂျယ်လ်ကို ယူပြီး ရေအနည်းငယ်နဲ့ ရောစပ်လိုက်ပါ။ သမအောင်ရောပြီး ဦးရေပြားမှာ လိမ်းလိုက်ကာ ခေါင်းမလျှော်ခင် မိနစ် ၂၀ လောက် ခဏအချိန်ပေးလိုက်ပါ။ ရှာစောင်းလက်ပက်က အမိုင်နို အက်ဆစ်၊ ဗီတာမင်ဓာတ်တွေ၊ fatty acid၊ သကြားဓာတ်တွေနဲ့ ဦးရေပြားကို ထောက်ပံ့ပေးပါတယ်။ ရှာစောင်းလက်ပက်ဂျယ်လ်မှာ ပါဝင်တဲ့ ဂုဏ်သတ္တိတွေက ဦးရေပြားယားယံတာကို သက်သာသွားစေပြီး ဦးရေပြားကို အားဖြည့်ပေးပါတယ်။

ဒိန်ချဉ်

ကြက်ဥ (၁) လုံး၊ ဒိန်ချဉ် (စားပွဲတင်ဇွန်း ၂-၃ဇွန်း)၊ ပျားရည် (စားပွဲတင်ဇွန်း (၁) ဇွန်း) တို့ကို ရောစပ်လိုက်ပါ။ ဒီအရောအနှောကို ဦးရေပြားနဲ့ ဆံသားတို့မှာ လိမ်းလိုက်ပါ။ (၁) နာရီလောက် အချိန်ပေးပြီးရင် ခေါင်းလျှော်လိုက်ပါ။ ဒိန်ချဉ်က ဦးရေပြားကို အားဖြည့်ပေးနိုင်စွမ်းရှိပြီး ယားယံတာနဲ့ ဗောက်ထတာတွေကို သက်သာစေပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်က ဦးရေပြားကို အားဖြည့်ပေးတဲ့အပြင် ဦးရေပြားခြောက်သွေ့တာကိုလည်းသက်သာသွားစေနိုင်ပါတယ်။

Ref: Natural ways to nourish your dry scalp

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top