မီးနီမီးစိမ်းအော်တဲ့ အရုပ်မရဲ့ချစ်သူ ပါဝင်လာမယ့် Squid Game ဒုတိယမြောက်စီးရီး

squid-game.jpg

ကမ္ဘာတစ်ဝှမ်းအကြီးအကျယ်အောင်မြင်ခဲ့တဲ့ Squid Game ကိုရီးယားစီးရီးဟာ ဒုတိယမြောက်စီးရီးအနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်း အရိပ်အမြွတ်အနည်းငယ်ပေးပြီး ဒုတိယမြောက်စီးရီးထွက်ရှိမယ်ဆိုတာကို Netflix က ဇွန်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

Squid Game ရဲ့ဇာတ်ညွှန်းနဲ့ဒါရိုက်တာဟွမ်ဒုန်ဟော့က Netflix ရဲ့ထုတ်ပြန်ချက်တစ်စောင်မှာ ဒုတိယတွဲနဲ့ပတ်သက်ပြီး အနည်းငယ်ပြောပြခဲ့ပါတယ်။ ပထမစီးရီးထွက်ရှိလာဖို့ ၁၂ နှစ်အချိန်ယူခဲ့ရပေမဲ့ စီးရီး အောင်မြင်မှုရရှိဖို့အတွက် ၁၂ ရက်ပဲ အချိန်ယူခဲ့ရတယ်လို့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့က ဆိုပါတယ်။

မင်းသား လီဂျောင်ဂျေး သရုပ်ဆောင်ခဲ့တဲ့ဇာတ်ကောင် ဂီဟွန်းနဲ့ မင်းသားလီဗြောင်ဟွန်း သရုပ်ဆောင်ခဲ့တဲ့ မျက်နှာဖုံးအနက်ရောင်နဲ့ The Front Man ဇာတ်ကောင်တွေ ပြန်လည်ပါဝင်လာမှာဖြစ်တဲ့အပြင် မင်းသား ဂုံယို သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်လည်း ပြန်လည်ပါဝင်မှာဖြစ်တယ်လို့ ဒါရိုက်တာ ဟွမ်ဒုန်ဟော့က အရိပ်အမြွတ်ပြောကြားခဲ့ပါတယ်။

အဲဒီစီးရီးမှာ ပါဝင်တဲ့ မီးနီမီးစိမ်းအော်တဲ့ အရုပ်မ ယောင်ဟီးရဲ့ချစ်သူလည်း ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဘယ်အချိန် ဒုတိယမြောက်စီးရီးထွက်ရှိမယ်ဆိုတာကိုတော့ Netflix က ပြောပြမထားပါဘူး။ Squid Game စီးရီးဟာ ၂၀၂၁ခုနှစ် စက်တင်ဘာလမှာ ထွက်ရှိခဲ့တဲ့အချိန် Netflixရဲ့ကြည့်ရှုနှုန်းအမြင့်ဆုံးစီးရီးဖြစ်လာခဲ့ပါတယ်။ ဘဝကိုပြောင်းလဲသွားစေမယ့် ငွေပမာဏ ဒေါ်လာ သန်း ၄၀ ကိုရရှိဖို့အတွက် ငွေကိုလိုချင်ကြတဲ့သူတွေက ကလေးဂိမ်းအမျိုးမျိုးကို ကစားပြီး အသက်ရှင်လွတ်မြောက်ဖို့ ကြိုးစားရတဲ့အကြောင်း ရိုက်ကူးထားတဲ့စီးရီးဖြစ်ပါတယ်။

ဒီစီးရီးဟာ ကမ္ဘာ့တစ်ဝှမ်းက လူတွေအပေါ် တော်တော်လေးလွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒီစီးရီးထဲက ဇာတ်ကောင်ပုံစံမျိုးတွေလို ဟော်လိုဝင်းပါတီမှာ ဝတ်ဆင်ခဲ့ကြသလို မရေတွက်နိုင်တဲ့ Meme တွေလည်း ရှိခဲ့ပါတယ်။ စီးရီးမှာပါဝင်တဲ့ ဂိမ်းကစားသူတွေ ဝတ်ဆင်တဲ့ အစိမ်းရောင်အားကစားဝတ်စုံဝယ်ယူမှုလည်း များပြားခဲ့ပါတယ်။

Ref: AsiaOne “Netflix announces second season of global hit Squid Game”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top