၂ မိုင်ခွဲရှည်တဲ့ လမ်းတစ်လျှောက်လုံး အရိပ်ရအောင် သစ်ပင် ၈၀၀၀ ကျော် စိုက်ပျိုးခဲ့တဲ့ သူရင်းငှားလင်မယား

13-6-2022-yyl04.jpg

လယ်ပိုင်မရှိတဲ့ သူတို့လင်မယားက သူရင်းငှားလုပ်ရသူတွေပါ။ ငယ်ငယ်ကတည်းက ဆင်းရဲနွမ်းပါးကြပြီး ကျောင်းမတတ်နိုင်လို့ စာလည်း သိပ်မတတ်ဘူး။ အိမ်ထောင်ကျတာ ကြာပြီဖြစ်ပေမဲ့ အသက် ၄၀ အထိ ကလေးမရလို့ ညနေခင်း အလုပ်သိမ်းလို့ အိမ်ပြန်ရောက်ရင် ပျင်းစရာ ဖြစ်နေကြတယ်။ ဒီလိုနဲ့ သူတို့လင်မယားက သစ်ပင်တွေ စစိုက်ဖြစ်တာပါ။ ရွာသူရွာသားတွေ အလုပ်သိမ်းလို့ အိမ်ပြန်လာရင် ပူပြင်းခြောက်သွေ့တဲ့ လမ်းမကြီးကို ဖြတ်ပြန်လာရတယ်၊ ဒီလမ်းကို ဖြတ်သန်းတဲ့သူတွေ အရိပ်ရပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

စစချင်း ညောင်ပင် ၁၀ ပင် စိုက်တယ်။ အပင်ပေါက်လေးတွေကို ကျွဲ၊နွားတွေ မစားနိုင်အောင် အကာအရံလုပ်ပေးတယ်။ ရေပုံမှန်သွားလောင်းတယ်။ ရေရှားတဲ့နေရာဆိုတော့ ရေပုံးနဲ့ထမ်းပြီး ရေသွားလောင်းရတာပါ။ ဒါဟာ ဝင်ငွေရတဲ့အလုပ် မဟုတ်ပေမဲ့ ညနေရောက်ပြီဆိုတာနဲ့ လင်မယားနှစ်ယောက်လုံး ရေတစ်ထမ်းစီ ထမ်းပြီး အပင်တွေကို ရေလိုက်လောင်းကြတယ်။ သားသမီးမရှိတော့ အပင်တွေကို သူတို့သားသမီးတွေလို ဂရုစိုက်ကြတယ်။

နှစ်စဉ်နှစ်တိုင်း ၁၅ ပင်၊ အပင် ၂၀ လောက် ပုံမှန်စိုက်ခဲ့ကြတာပါ။ နောက်ပိုင်းတော့ ရေရှားတဲ့ဒုက္ခကြောင့် အပင်ပေါက်တွေကို မိုးတွင်းမှာပဲ စိုက်ကြတော့တယ်။ ဒီလိုနဲ့ နှစ် ၅၀ ကြာ စိုက်လာခဲ့တာ ၄ ကီလိုမီတာ ရှည်လျားတဲ့ လမ်းမကြီးတစ်လျှောက် ညောင်ပင်တွေ အုပ်ဆိုင်းသွားတဲ့အထိပါပဲ။ သူတို့ကတော့ အိန္ဒိယနိုင်ငံ၊ ကာနာတာကာပြည်နယ်မှာ နေထိုင်တဲ့ ချီကန်နာနဲ့ သင်မက်ကာတို့ ဇနီးမောင်နှံပါပဲ။ သူတို့လင်မယားစိုက်ပျိုးခဲ့ကြတဲ့ သစ်ပင်ပေါင်း ၈၀၀၀ ကျော် ရှိပါတယ်။ ခင်ပွန်းဖြစ်သူ ချီကန်နာကတော့ ၁၉၉၁ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တယ်။

သင်မက်ကာက အသက် ၁၁၀ ကျော် ရှိနေပါပြီ။ အိန္ဒိယနိုင်ငံရဲ့ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ national citizen award အပါအဝင် ဂုဏ်ပြုဆု ၁၇ ဆု ရရှိခဲ့ပြီး အမေရိကန်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တစ်ဖွဲ့ကတောင် သင်မက်ကာကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့အဖွဲ့နာမည်ကို Thimmakka’s Resources for Environmental Education လို့ အမည်ပေးခဲ့ပါတယ်။

Ref: Bookofachievers ” Saalumarada Thimmakka – The Mother to More Than 8000 Trees”

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top