တိုက်လေယာဉ်ပျက်ကျချိန်မှာ ခုန်ထွက်ခဲ့တဲ့လေယာဉ်မှူးက မဟာဓာတ်အားလိုင်း ဓာတ်ကြိုးပေါ် ချိတ်မိနေ

yyl-017-5.jpg

ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘယ်လ်ဂျီယံလေတပ်ရဲ့ F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ထဲကနေ ခုန်ထွက်လာတဲ့ လေယာဉ်မှူးတစ်ယောက်ကတော့ ဗို့အားပြင်းတဲ့ ဓာတ်ကြိုးပေါ် ချိတ်မိနေခဲ့လို့ ကယ်တင်ခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံ ဘရစ်တနီဒေသမှာရှိတဲ့ လိုရီယန့်မြို့နားမှာ တိုက်လေယာဉ်ထဲကနေ လေယာဉ်မှူး ၂ ယောက်လုံး ခုန်ထွက်ခဲ့ကြတယ်လို့ ဘယ်လ်ဂျီယံလေတပ်က ပြောပါတယ်။ လိုရီယန့်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ပလူဝစ်ဂ်နာဒေသမှာ တိုက်လေယာဉ်ပျက်ကျခဲ့တာလို့ ပြင်သစ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ ဓာတ်ကြိုးပေါ်မှာ လေထီးနဲ့ချိတ်မိနေတဲ့ လေယာဉ်မှူးကို အောက်ချပေးနိုင်ခဲ့သလို လေယာဉ်မှူးနောက်တစ်ဦးကိုလည်း ရှာတွေ့ခဲ့ပါပြီ။ သူတို့ ၂ ယောက်လုံး လုံခြုံစိတ်ချရတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

လေယာဉ်မှူးတစ်ယောက် ချိတ်မိနေတဲ့ ဓာတ်ကြိုးက ဗို့အား ၂၅၀၀၀၀ ရှိတယ်လို့ ဖော်ပြထားပါတယ်။ ပြင်သစ်သတင်းဌာန(Le Télégramme)က ဖော်ပြတဲ့ ဓာတ်ပုံအရ ကြီးမားတဲ့ ဓာတ်အားလိုင်းကွန်ယက်နားက ဓာတ်ကြိုးပေါ်မှာ လေထီးတစ်ခု ချိတ်မိနေတာ တွေ့ရပါတယ်။ တခြားဓာတ်ပုံတွေမှာတော့ အနီးနားတစ်ဝိုက်ကနေ မီးခိုးတွေထွက်နေပြီး အိမ်ခေါင်မိုးတစ်ခု ပျက်စီးနေတာ တွေ့ရပါတယ်။ ဘယ်လ်ဂျီယံတိုက်လေယာဉ်ဟာ အဲဒီခရီးစဉ်မှာ လက်နက်တွေ သယ်ဆောင်ခဲ့ခြင်းမရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top