မိခင်နဲ့ကလေးဆေးရုံကို ရုရှားတပ်ဖွဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေ ပြော

10-3-2022-yyl1.jpg

ယူကရိန်းနိုင်ငံတောင်ပိုင်းက မိခင်နဲ့ကလေးဆေးရုံကို ရုရှားတပ်ဖွဲ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ မြို့တော်တော်များများမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးဖို့ ရန်ပြုတိုက်ခိုက်မှုတွေကို ၁၂ နာရီကြာ ရပ်ဆိုင်းထားဖို့ ရုရှားဘက်က သဘောတူညီခဲ့ပြီးနောက်မှာ မိခင်နဲ့ ကလေးဆေးရုံ တိုက်ခိုက်ခံခဲ့ရတာလို့ ဆိုပါတယ်။

မာရီယာပိုမြို့တော်ကောင်စီ တင်ထားတဲ့ ဗီဒီယိုထဲမှာ အကြီးအကျယ် ပျက်စီးနေတဲ့ ဆေးရုံပုံကို မြင်တွေ့ရပါတယ်။ ရုရှားတပ်ဖွဲ့တွေက ဗုံးအလုံးရေအများကြီး ကြဲချခဲ့တာလို့ မာရီယာပိုမြို့တော်ကောင်စီက စွပ်စွဲထားပါတယ်။ ” ပျက်စီးမှု တအားများပါတယ်။ သိပ်မကြာသေးခင်က ကလေးတွေကို ကုသပေးခဲ့တဲ့ အဆောက်အအုံကတော့ လုံးဝပျက်စီးသွားခဲ့တယ်”လို့ မြို့တော်ကောင်စီက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ ဒီတိုက်ခိုက်မှုဟာ ရက်စက်ယုတ်မာလွန်းတဲ့လုပ်ရပ်လို့ မှတ်ချက်ပေးခဲ့ပြီး နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းဝေဟင်မှာ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ” ရုရှားစစ်သည်တွေက မိခင်နဲ့ကလေးဆေးရုံကို တိုက်ရိုက်ဗုံးကြဲခဲ့တာပါ။ အပျက်အစီးတွေအောက်မှာ လူကြီးတွေရော၊ ကလေးတွေရော ပိတ်မိနေတယ်။ ရက်စက်ယုတ်မာလွန်းပါတယ်။ ကမ္ဘာကြီးက အကြမ်းဖက်မှုကို ဘယ်လောက်ကြာကြာ မျက်ကွယ်ပြုနေဦးမှာလဲ။ အခုချက်ချင်း ဝေဟင်ကို ပိတ်ပေးပါ။ လူသတ်နေတာတွေကို တားဆီးပေးပါ။ ခင်ဗျားတို့မှာ ပါဝါရှိပါတယ်။ ဒါပေမဲ့ လူသားဆန်မှု ပျောက်နေသလိုပဲ”လို့ ဇီလင်စကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့တောင်ဘက် ကမ်းရိုးတန်းမှာတည်ရှိပြီး ဗျူဟာအရ အရေးပါတဲ့ မာရီယာပိုမြို့ဟာ ရက်ပေါင်းများစွာ ဝိုင်းခံထားရပြီး ရုရှားတပ်ဖွဲ့တွေက ဖြတ်တောက်ပိတ်ဆို့ထားတယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ယောက်က ပြောပါတယ်။ ရုရှားတပ်ဖွဲ့တွေက မာရီယာပိုမြို့ကို ဗုံးကြဲနေပြီး သူတို့တပ်ဖွဲ့ဝင်တွေက မြို့ထဲကို သိသိသာသာ ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။

မာရီယာပိုမြို့မှာ နေထိုင်သူတွေဟာ ရက်ပေါင်းများစွာကြာ ရေနဲ့ လျှပ်စစ်မီး ဖြတ်တောက်ခံထားရပါတယ်။ ရုရှားတပ်ဖွဲ့တွေက အရပ်သား ၃ သိန်းကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာက စွပ်စွဲထားပါတယ်။ ရုရှားက ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံကို စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည် အနည်းဆုံး ၂ သန်းရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ ကလေးငယ် ၃၈ ယောက် အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်နီကော့ဗ်က ပြောခဲ့ပြီး အမှန်တကယ် သေဆုံးသူ အရေအတွက်ကတော့ အဲဒီထက် ပိုများဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref: CNN “Russia accused of ‘atrocity’ in alleged bombing of maternity and children’s hospital”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top