Rush Hour 4 ဇာတ်ကား ရိုက်ကူးသွားမှာဖြစ်ကြောင်း အတည်ပြုခဲ့တဲ့ ဂျက်ကီချမ်း

jackie-chan-and-chris-tucker.jpg

ဟောင်ကောင်အက်ရှင် မင်းသားကြီး ဂျက်ကီချမ်းက ပြီးခဲ့တဲ့သောကြာနေ့က လော့အင်ဂျလိစ်မြို့အခြေစိုက် ရေဒီယိုတစ်ခုနဲ့ တွေဆုံစဉ်မှာ  Rush Hour 4 ဇာတ်ကားကို ရိုက်ကူးဖို့ဆွေးနွေးနေပြီဖြစ်ပြီး နောက်နှစ်လောက်မှာ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းများကို စတင်သွားနိုင်တယ် လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ Rush Hour 4 ဇာတ်ကားကို ရိုက်ကူးဖို့အတွက် အရင်ဇာတ်ကားတွေမှာ LAPD စုံထောက်အဖြစ် သရုပ်ဆောင်ခဲ့သူခရစ် တက်ကာ (Chris Tucker) လက်မှတ်ထိုးဖို့တော့ကျန်သေးတယ် လို့သိရပါတယ်။

“အခုချိန်က ကျွန်တော်တို့ Rush Hour 4 ကိုရိုက်ဖို့ အချိန်ပါပဲ။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ တော်တော်အသက်ကြီးသွားပါလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်တော် ခရစ်ကို ငါတို့အသက်မကြီးခင် ရိုက်ကြရအောင်လို့ပြောခဲ့ပါတယ်။ ” လို့ ဂျက်ကီချမ်းကဆိုပါတယ်။

၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Rush Hour 3 ဇာတ်ကားပြီးကတည်းက Rush Hour 4 ရဲ့ ဇာတ်ညွန်းကို ဂျက်ကီချမ်းတို့အဖွဲ့ဟာ ပယ်ချနေခဲ့တာဖြစ်ပေမဲ့  မနေ့ကတော့ ဇာတ်ညွန်းကို လက်ခံခဲ့တယ် လို့သိရပါတယ်။ ယခင်ဇာတ်လမ်းတွေမှာ စတန့်ခန်းတွေ အများဆုံးပါဝင်ထားပေမဲ့  ဝါရင့်သရုပ်ဆောင် ဂျက်ကီချမ်းကတော့ ဒီဇာတ်လမ်းမှာ ပိုမိုပြင်းထန်တဲ့ အက်ရှင်ခန်းတွေနဲ့ ဇာတ်ကောင်စရိုက်အစုံ ပါဝင်အောင်ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဂျက်ကီချမ်း နောက်ဆုံးထွက်ရှိထားတဲ့ အက်ရှင်ဒရာမာ ဇာတ်ကား “The Foreigner” မှာလည်း ဂျက်ကီချမ်းဟာ ဇာတ်ကောင်စရိုက်အသစ်နဲ့ သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး “ဒီနှစ်ပိုင်းတွေမှာ ကျွန်တော် ဟော်လိဝုဒ်နဲ့ ကမ္ဘာ့အနှံ့က ဇာတ်ညွန်းတွေ လက်ခံရခဲ့ပါတယ်။ ဒီဇာတ်ညွန်းတွေထဲမှာ ဟောင်ကောင်က ရဲ၊ တရုတ်က ရဲ၊ CIA အဖွဲ့တွေကိုပဲ သရုပ်ဆောင်ရတာ စိတ်ကုန်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ အက်ရှင်မင်းသားတစ်ယောက်ရဲ့ သက်တမ်းက အရမ်းတိုတောင်းပါတယ်။  ကိုယ်ခံပညာပြကွက်တွေမပါပဲ သရုပ်ဆောင်သွားတဲ့ Robert Redford၊ Dustin Hoffman တို့လို မင်းသားတွေကျတော့ သူတို့သရုပ်ဆောင်ချက်တွေက ပရိတ်သတ်ရင်ထဲ အမြဲရှိနေပါတယ်။ ” လို့ပြောခဲ့ပါတယ်။

https://www.youtube.com/watch?v=oHoQsRU1sGo#action=share

ဒါ့အပြင် လက်ရှိအချိန်မှာ အသက် ၆၃ နှစ်ရှိနေပြီဖြစ်တဲ့ ဂျက်ကီချမ်းက “ကျွန်တော်လည်း တဖြည်းဖြည်း အသက်တွေကြီးလာပါပြီ။ ဒါကြောင့် တိုက်ခိုက်ရေးဇာတ်လမ်းတွေ၊ စတန့်ခန်းတွေ မလုပ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဇာတ်ကောင်ပုံစံပြောင်းတာ အရမ်းနောက်ကျခဲ့တယ် ”လို့ဂျက်ကီချမ်းက ပြောခဲ့ပါတယ်။

Rush Hour 4 ဇာတ်ကားဟာ ဂျက်ကီချမ်းနဲ့ ခရစ်တက်ကာတို့ စုံထောက်လီနဲ့ စုံထောက် ကာတာအဖြစ် ရယ်ရွှင်မြူးဖွယ်ပုံစံနဲ့သရုပ်ဆောင်တာကို နောက်ဆုံးအနေနဲ့ တွေ့ရမယ့် နောက်ဆုံးဇာတ်ကား ဖြစ်လာနိုင်ပါတယ်။

Ref : Daily Mail Entertainment : Jackie Chan Says ‘Rush Hour 4’ In The Works

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top