ပိတ်ရက်တွေကုန်ဆုံးလို့ အလုပ်ပြန်တက်တဲ့အခါ …

Returning-To-Work-after-Career-Break.jpg

ပိတ်ရက်တွေ ကုန်ဆုံးလို့ အလုပ် ပြန်တက်တဲ့ အခါ အလုပ်နဲ့ ကိုယ်နဲ့ ရုတ်တရက် အံဝင်ဂွင်ကျ မဖြစ်သလို ခံစားနေရပြီလား ။ “ပိတ်ရက်တွေကလည်း ကုန်တာ မြန်လိုက်တာ”  ဒါမှ မဟုတ် “ လာပြန်ပြီ နောက်တစ်ပတ် “ ဆိုတာမျိုး စိတ်ထဲမှာ ညည်းညူမိနေပြီလား။ တနင်္လာနေ့တွေမှာ အလုပ်ပြန်လုပ်လို့ စိတ်ထဲ မသက်မသာခံစားနေရတာ၊ စိတ်ကျသလိုလို၊ ပင်ပန်းနုံးချိသလိုလို ခံစားနေရတာကို “ Monday Blues (မန်းဒေးဘလူးစ်) “  လို့ ခေါ်ပါတယ်။ တကယ်လို့သာ ဒီလက္ခဏာတွေ ကိုယ့်မှာ ဖြစ်နေပြီဆိုရင် –

၁) ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ –  လူတိုင်းမှာ Monday Blues အတော်အသင့် ရှိတတ်ပေမယ့် အမြဲတမ်း အလုပ်အတွက် စိတ်မပါ လက်မပါ ဖြစ်နေတာတော့ ဟန်မကျပါဘူး။ ဒီအလုပ်ကို တကယ်ရော လုပ်ချင်နေသေးရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အဖြေက No ဆိုရင်တော့ ကိုယ့် စိတ်အာရုံကို တက်ကြွပျော်ရွှင်စေနိုင်မယ့် အလုပ်တစ်ခုကို မြန်မြန်ရှာ ပြောင်းလိုက်ပါ။ စိတ် သံချေးတက်မခံပါနဲ့။

၂) သင်အကြိုက်ဆုံးအပိုင်းနဲ့ စပါ – စောစောကလို အလုပ်ကို သဘောမကျတာ မဟုတ်ဘူး၊ ယာယီစိတ်ညစ်ရုံလောက်ပဲ ဆိုရင်တော့ ကိစ္စမရှိပါဘူး။ လုပ်စရာရှိတဲ့ အလုပ်တွေထဲက သင် စိတ်အကျေနပ်ဆုံး၊ အပျော်ရွှင်ဆုံးအလုပ်တစ်ခုနဲ့ စတင်လိုက်ပါ။ အလုပ်ထဲမှာ စိတ်နှစ်မြုပ်သွားပြီး ကျန်တဲ့ အလုပ်တွေဆက်လုပ်ဖို့ တက်ကြွလာပါလိမ့်မယ်။

၃) တစ်ယောက်ယောက်ကို ပျော်အောင်လုပ်ပေးလိုက်ပါ – စာနာမှု၊ကြင်နာမှုလေးတွေ ၊ မိသားစုဝင်အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ချစ်ခင်မှုတွေနဲ့ အစ ပြုတာဟာ ထိုင်းမှိုင်းနေတဲ့ စိတ်ကို တက်ကြွလန်းဆန်းစေပါတယ်။ အလုပ်ထဲမှာ ဝေမျှစားသောက်ဖို့ မုန့်ပဲသွားရည်စာလေးတွေ ဝယ်သွားတာ၊ မနက်စောစော ခိုစာကျွေးတာ စတဲ့ နည်းတွေနဲ့ အလုပ်ကို စတင်လိုက်ပါ။

၄) ကြိုတင်ပြင်ဆင်ထားပါ – တနင်္လာနေ့/ရုံးပြန်ဖွင့်တဲ့ နေ့မှ အလုပ်တွေ တပြုံကြီး ပိနေတာနဲ့ မကြုံချင်ရင် သောကြာနေ့တွေမှာ ရသလောက် အပြီးဖြတ်ထား၊ အစီအစဉ်တွေ ကြိုဆွဲထားပေါ့။ အစစအရာရာကို အစီအစဉ်တကျ ပြင်ဆင်ထားပြီလို့ ကိုယ့်ကိုယ်ကို သိနေရတာက စိတ်ကို သက်တောင့်သက်သာ ရှိစေပါတယ်။

၅) နားချိန်မှာ အပြည့်အဝ နားပါ –  အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် ကောင်းကောင်းအနားယူထားဖို့လည်း လိုတာပေါ့။ စနေတနင်္ဂနွေ ပိတ်ရက်တွေမှာ ကျန်းမာရေးကို မထိခိုက်စေမယ့်ပျော်ရွှင်မှုမျိုး၊ ချစ်သူခင်သူမိသားစုတွေအတွက် အပြည့်အဝအချိန်ပေးတာမျိုးနဲ့ ဖြတ်သန်းပါ။ ရုံးပြန်မတက်ခင်ညကို အိပ်ရေးဝဝအိပ်ပစ်လိုက်ပါ။

Ref: Forbes

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top