တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ

a-shrinking-lake-.jpg

ဟိမဝန္တာတောကြီးမှာ ရသေ့ကြီးတစ်ပါးသည် တပည့်ရသေ့ ငါးရာနှင့်အတူ တရားဘာဝနာ ပွားများ အားထုတ်ကြကုန်သည်။ တစ်နှစ်သော နွေရာသီတွင် ရာသီဥတု ဖောက်ပြန်သဖြင့် သောက်သုံးရန်ရေ ပြတ်လတ်သောကြောင့် သတ္တဝါအများ ပင်ပန်းနွမ်းနယ်ကြရ၏။ ရသေ့တစ်ပါးသည် တိရိစ္ဆာန်များ သောက်ရေပြတ်လတ်၍ ဆင်းရဲအတိ ရောက်နေသည့် အဖြစ်ကို ကြည့်ပြီး ကူညီရန် ဆုံးဖြတ်လိုက်သည်။ ရသေ့သည် သစ်ပင်တစ်ပင်ကို ဖြတ်တောက်ပြီး စားကျင်းပြုလုပ်ကာ ရေချိုများ ခပ်ထည့်ထားလိုက်သည်။ တိရိစ္ဆာန်များသည် ရသေ့ကြီးမှာ အန္တရာယ်ပြုမည့်သူ မဟုတ်မှန်း ရှေးကပင် သိပြီးဖြစ်သဖြင့် သောက်ရေများကို လာရောက်သောက်ကြသည်။ ရေလာသောက်သော တိရိစ္ဆာန်များမှာ များပြားလွန်းသဖြင့် ရသေ့မှာ မိမိစားသုံးရန် သစ်သီးပင် မရှာနိုင်တော့ဘဲ သောက်ရေခပ်ထည့်ပေးနေရသည်။

တောတိရိစ္ဆာန်အပေါင်းတို့သည် ရသေ့ကြီး အစာမစားရသဖြင့် အားအင်ချိနဲ့သည်ကို မြင်သော် အချင်းချင်း တိုင်ပင်ဆွေးနွေးကြသည်။ သောက်ရေသောက်ရန် လာတိုင်း မိမိတို့ နိုင်သလောက် စားဖွယ်သစ်သီးများ ယူဆောင်လာပြီး ရသေ့ကြီးကို ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ တောတိရိစ္ဆာန်များ ယူဆောင်လာကြသော သစ်သီးများမှာ များလွန်းသဖြင့် သောက်ရေခပ်ပေးသည့် ရသေ့ကြီးအပြင် အခြား ရသေ့ငါးရာပါ စားလို့မကုန်နိုင်အောင် ရှိတော့သည်။

ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ အမ္ဗဇာတ်တော်တွင် မေတ္တာရောင်ပြန်ပုံကို ဖော်ကြူးထားသည်။ နှလုံးသား လှပသော ရသေ့သည် မိမိရှေ့တွင် တပါးသူ ဒုက္ခရောက်နေသည်ကို မမြင်လိုသဖြင့် ဝီရိယ စိုက်ထုတ် ကူညီလေသည်။ တဖက်က အဟိတ်တိရိစ္ဆာန်ပင်ဖြစ်သော်လည်း ကျေးဇူးတရားသိတတ်စွာ ရသေ့ကြီး၏ မေတ္တာကို စေတနာဖြင့် ပြန်လည်တုံ့ပြန်သွားကြသည်။ စိတ်ဝိညာဉ်ကို လူ့အသွင်၊ တိရိစ္ဆာန်အသွင် စသည်ဖြင့် အရေခွံ အမျိုးမျိုးတို့ဖြင့် လွှမ်းခြုံထားသည်။ အပေါ်ယံ အရေခွံ ပုံသဏ္ဍာန်ထက် မိမိ၏ အပြုအမူ၊ အတွေးအကြံများက မိမိသည် နိမ့်ကျသူလား၊ မြင့်မြတ်သူလားကို ဖော်ပြပေးနေပေသည်။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top