ဆေးဖက်ဝင်တဲ့ တမာ

ayurvedic-neem.jpg

အညာမြေမှာ အမြဲစိမ်းနေတဲ့ တမာတွေက အရိပ်တင်ရတာမဟုတ်ဘဲဆေးဖက်လည်းဝင်သတဲ့။ အညာဒေသကိုအလည်သွားတဲ့အခါနေ့လည်ပိုင်းမှာ နေတွေပူတယ်ဆိုပေမယ့် ညဘက်ရောက်လာတဲ့အခါ အိမ်ရှေ့ ကွပ်ပျစ်လေးထွက် လက်ဖက်စားရေနွေးကြမ်းသောက်ရင်းနှာခေါင်းထဲမှာ သင်းသင်းလေးမွှေးလာတဲ့ အနံ့လေးတစ်ခုရှိတတ်တာသတိထားမိကြလား။ အဲ့ဒါကတခြားမဟုတ်ပါဘူး။ အညာမြေမှာမှရနိုင်တဲ့ တမာနံ့သင်းသင်းလေးပါ။

တမာကိုဆေးဝါးတွေအတွက်အသုံးပြုသလို အစားလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း အချဉ်တည်စားတာမျိုးလည်းရှိပါတယ်။ အခုဆောင်းပါးလေးထဲမှာ အညာမြေရဲ့ အငွေ့အသက်တစ်ခုဖြစ်တဲ့ တမာပင်ရဲ့ဆေးဖက်ဝင်တဲ့အကြောင်းလေးပြောပြပါရစေ။

တမာဆိုတာ

တမာပင်က အပူပိုင်းအမြဲစိမ်းအပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အာရှဒေသကနိုင်ငံတွေမှာဆေးဝါးအဖြစ်အသုံးပြုလာခဲ့ကြပါတယ်။ တမာက တစ်ပင်လုံးလိုလိုဆေးဖက်ဝင်တာပါ။ တမာရွက်နဲ့ အခြားအပင်အစိတ်အပိုင်းတွေကို အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေအတွက် အသုံးပြုလို့ရသလို ကူးစက်ရောဂါတွေကာကွယ်ဖို့အတွက်လည်းအသုံးပြုကြပါတယ်။နောက်တစ်မျိုးအသုံးပြုလို့ရတာကတော့ အင်းဆက်တွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းတိုက်ထုတ်ပေးတဲ့အရာအဖြစ်ပါ။ တမာကအရိပ်ရရုံတင်မဟုတ်ပါဘူး။ဆေးဖက်လည်းဝင်ပါသေးတယ်။

တမာရဲ့ အသုံးဝင်ပုံတွေက

တမာရွက်ကို အနာကြီးရောဂါ၊ မျက်လုံးမှာဖြစ်တဲ့ဝေဒနာတွေ၊ နှာခေါင်းသွေးလျှံတာ၊ အစာအိမ်ဝေဒနာ၊ အစားစားချင်စိတ်လျော့နည်းတာ၊ အရေပြားအနာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ အဖျား၊ဆီးချို၊သွားဖုံးရောဂါနဲ့အသည်းရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။ အမျိုးသမီးတွေမှာဆိုရင်လည် တမာကို သဘာဝသားဆက်ခြားဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။

တမာပင်အခေါက်ကိုတော့ ငှက်ဖျားရောဂါ၊ အစာအိမ် နဲ့ အူလမ်းကြောင်းရောဂါတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရပါတယ်။

တမာသီး တစ်ပင်လုံးအသုံးဝင်တဲ့ တမာပင်ရဲ့ အသီးကိုတော့ လိပ်ခေါင်းဝေဒနာ၊ အူလမ်းကြောင်းမှာဖြစ်တဲ့ သန်ကောင်တုတ်ကောင်တွေကိုချေဖျက်ဖို့၊ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာ၊နှာခေါင်းသွေးလျှံတာ၊ ချွဲသလိပ်တွေ၊ မျက်လုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေ၊ ဆီးချို၊ အနာတွေ နဲ့ အနာကြီးရောဂါတွေအတွက် အသုံးပြုလို့ရပါတယ်။

တမာပွင့်ကိုတော့ သည်းခြေရည်အထွက်များတာ၊ ချွဲသလိပ်တွေဖြစ်တာနဲ့ သန်ကောင်တုတ်ကောင်တွေကိုချေဖျက်တာတွေအတွက်အသုံးပြုလို့ရပါတယ်။

တမာပင်ရဲ့ အကိုင်းအခက်တွေကိုတော့ချောင်းဆိုးတာ၊ ပန်းနာရင်ကျပ်၊ လိပ်ခေါင်း၊သန်ကောင်တုတ်ကောင်တွေကိုချေဖျက်တာ၊ အမျိုးသားတွေမှာ မျိုးအောင်နိုင်စွမ်းကျဆင်းတာကို သက်သာစေဖို့အသုံးပြုနိုင်သလို ဆီးချိုဝေဒနာအတွက်လည်း အသုံးဝင်ပါတယ်။ သွားနဲ့သွားဖုံးရောဂါတွေအတွက်ပါအသုံးပြုလို့ရပါတယ်။

တမာစေ့နဲ့တမာစေ့ဆီကိုတော့ အစာအိမ်အူလမ်းကြောင်းဝေဒနာတွေနဲ့ အနာကြီးရောဂါတွေအတွက်အသုံးပြုလို့ရပါတယ်။ တမာကို ခန္ဓါကိုယ်ကိုယ်ခံအားကို တိုးစေဖို့အတွက်အသုံးပြုနိုင်တဲ့ အပြင် အနာသွေးတိတ်စေဖို့အတွက်လည်း အသုံးပြုလို့ရပါတယ်။

ဦးရေပြားနဲ့ဆံသားအတွက်လည်းတမာကို အသုံးပြုလို့ရပါတယ်။ ဦးရေပြားပေါ်က သန်းတွေကိုဖယ်ရှားဖို့၊အရေပြားပေါ်ကအနာတွေကို သက်သာစေဖို့အတွက် အသုံးပြုလို့ရပါတယ်။ခြင်မကိုက်အောင်ကာကွယ်ဖို့အတွက် တမာဆီကိုအသုံးပြုနိုင်သလို မျက်နှာပေါ်က ဝက်ခြံတွေသက်သာစေဖို့နဲ့ အသားအရေနူးညံ့စိုပြည်စေဖို့အတွက်လည်း တမာရွက်ကို အသုံးပြုလို့ရပါတယ်။

တမာရွက်မှာပါတဲ့ ဓါတုဓါတ်တွေကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေပြီး အစာချေလမ်းကြောင်းမှာဖြစ်တဲ့ အနာတွေကို သက်သာစေနိုင်တဲ့အပြင် ဝမ်းချုပ်တာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ခံတွင်းထဲမှာဖြစ်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပြီး သွားတွေကိုကြံ့ခိုင်ကျန်းမာစေပါတယ်။ ကိုယ်ခံအားကောင်းစေပြီး အသည်းကို လုပ်ဆောင်နိုင်စွမ်းမြင့်တက်စေနိုင်တာကြောင့်သွေးသန့်စေနိုင်ပြီး အသက်ရှုလမ်းကြောင်းနဲ့ အစာခြေစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။ ငှက်ဖျားရောဂါ ကုသရာမှာလည်း တမာရွက်ကတော်တော်လေး အသုံးတည့်တာပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Aye Thi Mon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top