ကွာရန်တင်းချခံထားရတဲ့ ရှီအန်းမြို့မှာ စားစရာရဖို့ တခြားပစ္စည်းတွေနဲ့ လဲလှယ်နေ

5-2-2022-yyl1.jpg

ကွာရန်တင်း ချမှတ်ခံထားရတဲ့ ရှီအန်းမြို့က ဒေသခံတချို့ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေ ထပ်ကြုံရမှာစိုးရိမ်လို့ သိုလှောင်နေကြပြီး အစားအစာတွေကို တခြားပစ္စည်းတွေနဲ့ လဲလယ်နေတယ်လို့ လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ လူဦးရေ ၁၃ သန်းနီးပါး နေထိုင်တဲ့ ရှီအန်းမြို့ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့ကတည်းက ပိတ်ဆိုံခံထားရပြီး လက်ရှိအချိန်မှာလည်း စားစရာ ထွက်ဝယ်ခွင့် မရသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေသခံတော်တော်များများက လူမှုကွန်ရက်ပေါ်မှာ အဆင်မပြေမှုတွေအကြောင်း ရေးသားခဲ့ကြပါတယ်။

အာဏာပိုင်တွေက စားစရာတွေ အခမဲ့ ဝေငှပေးနေပေမဲ့ တချို့လူတွေကတော့ စားစရာမရဘူး (သို့) စားနပ်ရိက္ခာ နည်းပါးနေပြီလို့ ဆိုကြပါတယ်။ Weibo လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေအရ လူတွေက ဂေါ်ဖီထုပ်နဲ့ စီးကရက်၊ ပန်းသီးနဲ့ ပန်းကန်ဆေးဆပ်ပြာ၊ ဟင်းသီးဟင်းရွက်နဲ့ လစဉ်သုံးပစ္စည်းတွေကို လဲလှယ်နေကြတာ တွေ့ရပါတယ်။ ဗီဒီယိုတစ်ခုမှာတော့ ဒေသခံတစ်ယောက်က Nintendo Switch ဂိမ်းစက်ကို ခေါက်ဆွဲခြောက်ထုပ်၊ ပေါက်စီ ၂ လုံးနဲ့ လဲနေတာ တွေ့ရပါတယ်။

” လူတွေက စားစရာမလောက်တော့လို့ တစ်တိုက်ထဲမှာ အတူနေတဲ့ တခြားသူတွေနဲ့ အလဲအထပ် လုပ်နေကြတာပါ” လို့ ဒေသခံတစ်ယောက်ကို Radio Free Asia (RFA) ကို ပြောပါတယ်။ အမျိုးသားတစ်ယောက်ဆိုရင် စမတ်ဖုန်းနဲ့ တက်ဘလက်ကို ဆန်နဲ့ လဲခဲ့တယ်လို့ (RFA)က ဖော်ပြပါတယ်။ရှီအန်းမြို့မှာ တရုတ်နိုင်ငံရဲ့ လက်ရှိ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမှာ အဓိကဗဟိုချက်ဖြစ်နေပြီး ဒေသခံအာဏာပိုင်တွေက တင်းကျပ်တဲ့စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။ အဲဒီစည်းမျဉ်းတွေကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ကြုံနေရပါတယ်။

ရှီအန်းမြို့တောင်ဘက် Mingde 8 Yingli အိမ်ရာမှာ နေထိုင်တဲ့ ဒေသခံတွေဟာ ဇန်နဝါရီလ ၁ ရက်၊ ညဉ့်သန်းခေါင်ယံအချိန်ရောက်မှ အိမ်ကနေ လာခေါ်ခံရပြီးကွာရန်တင်းအဆောက်အအုံတွေထံ ပို့ဆောင်ခံခဲ့ရပါတယ်။ နှလုံးဖောက်နေတဲ့ ဖခင်ကို ဆေးရုံက လက်မခံဘဲ ပြန်လွှတ်ခဲ့တဲ့နောက် ကွယ်လွန်သွားခဲ့တယ်လို့ ရှီအန်းဒေသခံတစ်ယောက်က ရေးသားခဲ့ပါတယ်။ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ အဲဒီရေးသားဖော်ပြချက်နဲ့ပတ်သက်ပြီး ဆေးရုံကတော့ တုံ့ပြန်ဖြေရှင်းခြင်း မရှိသေးပါဘူး။

ရှီအန်းမြို့ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုဟာ လက်ရှိအချိန်အတွင်း တရုတ်နိုင်ငံမှာ အဆိုးရွားဆုံးပမာဏ ဖြစ်နေပါတယ်။ ဇန်နဝါရီလ ၄ ရက်မှာ အာဏာပိုင်တွေက ရှီအန်းမြို့ကနေ မိုင် ၃၁၀ ကွာဝေးပြီး လူ ၁.၁ သန်းနေထိုင်တဲ့ ယူကျိုးမြို့ကိုလည်း အလုံးစုံ ပိတ်ဆို့မှုလုပ်ခဲ့ပါတယ်။ ရောဂါလက္ခဏာမပြဘဲ ကိုဗစ်-၁၉ ကူးစက်ခံရထားသူ ၃ ယောက် တွေ့ရှိခဲ့ပြီးနောက်မှာ အဲဒီလို ပိတ်ဆို့ခဲ့တာပါ။

Ref: BBC “China: Xi’an residents in lockdown trade for food amid shortage”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top