နဂါးအကြေးခွံပုံစံ ဆိုလာစွမ်းအင်သုံး ဂူဂဲလ်ကုမ္ပဏီ ပရိဝုဏ်သစ်

23-5-2022-yyl-02.jpg

အခုမြင်တွေ့ရတာကတော့ တစ်နေ့တာရဲ့အချိန် ၉၀ ရာခိုင်နှုန်း (၂၁ နာရီကျော်)အထိ သန့်ရှင်းစွမ်းအင် အသုံးပြုနိုင်ဖို့ ရည်ရွယ်တည်ဆောက်နေတဲ့ ဂူဂဲလ်ကုမ္ပဏီရဲ့ နဂါးအကြေးခွံပုံစံ ဆိုလာစွမ်းအင်သုံး ပရိဝုဏ်သစ် ဖြစ်ပါတယ်။

Bay View လို့ အမည်ပေးထားတဲ့ ဂူဂဲလ်ရဲ့ ရုံးချုပ်သစ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်ဗျူးမြို့မှာ တည်ရှိပြီး အခုလအစောပိုင်းက ဖွင့်လှစ်ခဲ့တာပါ။ ၄၂ ဧက ကျယ်ဝန်းပါတယ်။ ဂူဂဲလ်ရဲ့ ဒီဇိုင်းနဲ့ အင်ဂျင်နီယာအဖွဲ့တွေလည်း ပါဝင်ပြီး ဒီဇိုင်းဆွဲခဲ့ကြတာပါ။

စတုရန်းပေ ၁.၁ သန်း ကျယ်ဝန်းတဲ့ အဆောက်အအုံခေါင်မိုးပေါ်မှာ ငွေရောင်ဆိုလာပြား ၉၀၀၀၀ တပ်ဆင်ထားပါတယ်။ ဂူဂဲလ်ဟာ ၂၀၃၀ ပြည့်နှစ်ကစတင်ပြီး တစ်နေ့တာရဲ့ အချိန်တိုင်းမှာ ကာဗွန်ကင်းစင်တဲ့စွမ်းအင် အသုံးပြု လည်ပတ်ရေး ရည်မှန်းချက်ကို ဖော်ဆောင်နေတာပါ။

နဂါးအကြေးခွံပုံစံ ခေါင်မိုးဟာ စွမ်းအင် ၇ မဂ္ဂါဝပ်လောက် ထုတ်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ပုံမှန်အသုံးပြုနေကျ ဆိုလာပြားတွေဟာ အလင်းပြန်လို့ ယာဉ်မောင်းတွေနဲ့ လေယာဉ်မှူးတွေကို အခက်တွေ့စေပေမဲ့ prism ( 3D ပုံစံ ထောင့်ချိုးများ) ပုံစံရှိလို့ အလင်းကို ဖမ်းယူထားနိုင်မှာပါ။

အဆင့်မြှင့်တင်ထားတဲ့ ဘူမိအပူစွမ်းအင်စနစ်ကြောင့် ကာဗွန်ထုတ်လွှတ်မှုကို ၅၀ ရာခိုင်နှုန်းလောက်အထိ လျှော့ချပေးနိုင်ပြီး အဆောက်အအုံကို အအေးခံဖို့၊ အပူပေးဖို့လည်း အထောက်အကူ ဖြစ်စေမှာပါ။ ပုံမှန်အားဖြင့် အဆောက်အအုံကို အအေးဓာတ်ရစေဖို့ ရေအသုံးပြုရပေမဲ့ အဆင့်မြှင့်တင်ထားတဲ့ ဘူမိအပူစွမ်းအင်စနစ်ကြောင့် နှစ်စဉ်နှစ်တိုင်း ရေဂါလံ ၅ သန်းအထိ သက်သာစေမှာ ဖြစ်ပါတယ်။

အဆောက်အအုံ အတွင်းပိုင်းမှာလည်း အလုပ်ထဲ စိတ်နှစ်ထားနိုင်အောင် တိတ်ဆိတ်ငြိမ်သက်တဲ့ ဝန်းကျင်ဖြစ်စေဖို့ မွမ်းမံပြင်ဆင်ထားပါတယ်။ အဆောက်အအုံထဲက လူတွေ ကိုယ်စိတ်နှလုံး ချမ်းမြေ့စေဖို့ ရည်ရွယ်ပြီးစိမ်းလန်းရမယ်၊ သဘာဝနေရောင် ရစေရမယ်၊ အလုပ်စားပွဲတိုင်းကနေ အပြင်ဘက် ရှုခင်းတွေကို မြင်ရမယ်ဆိုတဲ့ ဇီဝအခြေပြု ဒီဇိုင်းစည်းမျဉ်းတွေနဲ့ ပုံဖော်ထားတာလို့ ဆိုပါတယ်။

လေဝင်လေထွက်စနစ်ကလည်း လမ်းကြောင်းတစ်ဘက်တည်းကနေပဲ လေစီးဆင်းတာဖြစ်ပြီး ပြင်ပလေကိုပဲ ရာနှုန်းပြည့်အသုံးပြုထားလို့ အဆောက်အအုံထဲက လူတွေအတွက် ကျန်းမာရေးနဲ့ ပိုညီညွတ်စေပါတယ်။

၂၀၃၀ ပြည့်နှစ်ကစပြီး သူတို့သုံးစွဲတဲ့ ရေရဲ့ ၁၂၀ ရာခိုင်နှုန်းအထိ ပြန်လည်ပြည့်ဖြိုးစေရမယ်ဆိုတဲ့ ရည်မှန်းချက်အတွက် အဆောက်အအုံမှာ သောက်ရေမဟုတ်တဲ့ ရေအားလုံးကို recycle လုပ်ပြီး ပြန်အသုံးပြုမှာ ဖြစ်ပါတယ်။

Ref: Goodnews ” New Google Headquarters Uses ‘Dragonscale’ Solar Panels to Capture Sunlight From All Angles”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top