UK မှာ ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ၁ နှစ်ကြာမှ တူရကီမှာ ပြန်ရှာတွေ့ခဲ့သူ

21-1-2021-yyl-22.jpg

နီကီတာ တူဗေး (Nikita Turvey) ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်းအမျိုးသမီးဟာ အင်္ဂလန်မှာ ပျောက်သွားခဲ့တဲ့ သူ့ရဲ့ပိုက်ဆံအိတ်ကို ၁နှစ်အကြာမှ တူရကီနိုင်ငံမှာ ပြန်ရှာတွေ့ခဲ့လို့ တအံ့တသြဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့ပိုက်ဆံအိတ်ကို တူရကီက အမျိုးသားတစ်ဦး ရှာတွေ့ခဲ့တာပါ။ နီကီတာက သူ့ရဲ့ပိုက်ဆံအိတ်ကို ၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ပျောက်သွားခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့ပိုက်ဆံအိတ်ကို အိမ်မှာရော အလုပ်မှာပါ ရှာခဲ့ပေမဲ့ မတွေ့တော့တာကြောင့် လက်လျော့ခဲ့ရပါတယ်။ ဘဏ်ကတ်၊ ဝန်ထမ်းကတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုတောင် အသစ်ပြန်လုပ်ခဲ့ရတာပါ။ ဒါပေမဲ့ ပျောက်သွားပြီး ၁ နှစ်အကြာမှာ အခုလိုပဲ ပြန်တွေ့ခဲ့ရပါတယ်။

၂၀၂၀ခုနှစ် နိုဝင်ဘာလမှာ နီကီတာဟာ သူစိမ်းအမျိုးသားတစ်ဦးရဲ့စာကို အင်စတာဂရမ်ကနေ လက်ခံရရှိခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ သူ့ရဲ့ပျောက်သွားတဲ့ပိုက်ဆံအိတ်ထဲမှာရှိခဲ့တဲ့ ကျောင်းသားကတ်ပုံကို သူ့ဆီ ပို့ပေးခဲ့တာပါ။ သူ့ကို အင်စတာဂရမ်မှာ စာပို့ခဲ့တဲ့အမျိုးသားက တူရကီမှာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုဖို့ လုပ်ဆောင်နေတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ ကာရာဆိုသူဖြစ်ပါတယ်။ သူဟာ ပြန်လည်အသုံးပြုလို့ရမယ့်ပစ္စည်းတွေကို ရှာဖွေရင်းနဲ့ မြေကြီးပေါ်ကနေ နီကီတာရဲ့ပိုက်ဆံအိတ်ကို ရှာတွေ့လို့ ပိုင်ရှင်ဆီ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

“ကျွန်မ ပိုက်ဆံအိတ်ပျောက်သွားတုန်းက အရေးကြီးတဲ့ကတ်တွေ ရှိနေတဲ့အတွက် နှမြောမိခဲ့တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပျောက်သွားမှန်းကို မသိလိုက်တာ။ ကျွန်မ အလုပ်အရမ်းများနေတော့ သတိမထားမိလိုက်ဘူး။ အမှိုက်ပုံထဲ ကျသွားတာ ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာ။ အချိန်အကြာကြီး ပိုက်ဆံအိတ်ကို ရှာပါသေးတယ်။ ဘယ်နေရာမှာမှ မတွေ့ဘူး။ တူရကီထိ ရောက်သွားလိမ့်မယ်လို့ ထင်တောင်မထင်ခဲ့ဘူး”လို့ နီကီတာက ဆိုပါတယ်။

နီကီတာနဲ့ ပိုက်ဆံအိတ်ရှာတွေ့ခဲ့တဲ့ကာရာတို့ ရက်တော်တော်ကြာ စကားအများကြီးပြောဖြစ်ခဲ့ပါတယ်။ နီကီတာက သူ့ရဲ့ပိုက်ဆံအိတ်ကို လွှတ်ပစ်လိုက်ဖို့ ကာရာကို ပြောခဲ့ပါတယ်။ ကာရာက ပိုက်ဆံအိတ်ထဲမှာရှိနေတဲ့ ၂၀ တန်ငွေဒင်္ဂါး (၂) ခုကို အမှတ်တရအဖြစ် သိမ်းထားလိုက်မယ်လို့ စနောက်ခဲ့ပါသေးတယ်။ တစ်နေ့ အင်္ဂလန်ကို လာပြီး ပိုက်ဆံအိတ် ပြန်လာပေးမယ်လို့ ကာရာက ဆိုပါတယ်။ နီကီတာက ကာရာကို သူ့ရဲ့ပိုက်ဆံအိတ်ရှာတွေ့ခဲ့တဲ့အတွက် ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။ နီကီတာရဲ့ပိုက်ဆံအိတ်က စွန့်ပစ်ပစ္စည်းတွေနဲ့အတူ တူရကီအထိ ပါသွားခဲ့တာဖြစ်နိုင်ပါတယ်။

နီကီတာဟာ သူ့ရဲ့နိုင်ငံရဲ့စွန့်ပစ်ပစ္စည်းတွေက တူရကီကို ဘယ်လိုရောက်သွားလဲဆိုတာ စဉ်းစားမရဖြစ်နေပါတယ်။ သူ့ရဲ့နိုင်ငံက လူတွေရဲ့ဒေတာတွေဟာ သူ့ရဲ့ပိုက်ဆံအိတ်လိုမျိုး အခြားနိုင်ငံကို ရောက်သွားမယ်ဆိုရင် မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်မှာ နီကီတာ စိုးရိမ်နေပါတယ်။ ဒါပေမဲ့ သူအတွက်တော့ သူငယ်ချင်းတစ်ယောက်ရလိုက်ပါတယ်။ နိုင်ငံတော်တော်များများက ပြန်လည်အသုံးပြုလို့ရတဲ့စွန့်ပစ်ပစ္စည်းတွေဟာ တူရကီနိုင်ငံကို ရောက်တယ်လို့ ကာရာရဲ့စကားအရသိရပါတယ်။

Ref: Ladbible “NHS Worker Who Lost Purse In UK Speechless As It’s Found In Turkey A Year Later”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top