ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြဇာတ်မင်းသား နစ်ခ် ကော်ဒီရို သေဆုံး

6-7-2020-yyl-008.jpg

ပြဇာတ်မင်းသား နစ်ခ် ကော်ဒီရိုဟာ COVID-19 ရောဂါပိုးကို လတော်တော်ကြာခံစားရင်းနဲ့ သေဆုံးသွားပြီဖြစ်တယ်လို့ သူ့ဇနီး အာမန်ဒါ ကေလုစ်က ကြေညာခဲ့ပါတယ်။ နစ်ခ် သေဆုံးတော့ အသက် (၄၁) နှစ်ရှိပါပြီ။ “အခုဆိုရင် ဘုရားသခင်က ကောင်းကင်ဘုံမှာ အခြားနတ်သားရှိနေပါပြီ။ ကျွန်မရဲ့ချစ်လှစွာသောခင်ပွန်းက အခုမနက်မှာ သေဆုံးသွားခဲ့ပါတယ်။ သူ ဒီကမ္ဘာကြီးကနေ အေးချမ်းစွာ ထွက်သွားဖို့အတွက် သူ့မိသားစုရဲ့အချစ်တွေ၊ သီချင်းတွေ၊ ဆုတောင်းမေတ္တာပို့သမှုတွေနဲ့ သူ့ကို ဝန်းရံနေမှာပါ”လို့ အာမန်ဒါက အင်စတာဂရမ်အကောင့်ကနေ မနေ့ညက ပြောပြခဲ့တာဖြစ်ပါတယ်။

နစ်ခ်ရဲ့ဇနီးအာမန်ဒါက သူ့ခင်ပွန်း ဗိုင်းရပ်စ်ခံစားနေတာတွေ၊ ခြေထောက်ဖြတ်ပစ်ရတာတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ပုံမှန်တင်ပေးနေတာပါ။ နစ်ခ်ဟာ (၉၅) ရက်လောက် ရောဂါကို တွန်းလှန်ခဲ့ရတာဖြစ်တယ်လို့ အာမန်ဒါက ပြောပါတယ်။ ကနေဒါနိုင်ငံမှာ မွေးဖွားတဲ့နစ်ခ်က အွန်တေးရီးယိုးပြည်နယ်မှာ ကြီးပြင်းခဲ့ရပြီး ၂၀၁၂ခုနှစ်မှာ ပြဇာတ်မင်းသားအနေနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ (၂) နှစ်အကြာ ၂၀၁၄ခုနှစ်မှာ “Bullets Over Broadway” ပြဇာတ်မှာ ပါဝင်ရင်းနဲ့ Tony Award နဲ့ Drama Desk Award ဆုတွေအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ သူက အဲဒီပြဇာတ်နဲ့ပဲ Theatre World Award နဲ့ Outer Critics Circle Award ဆုတွေကို ရရှိခဲ့ပါတယ်။

နစ်ခ်က ပြဇာတ်တွေမှတင်မဟုတ်ဘဲ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ နစ်ခ်နဲ့ အာမန်ဒါတို့က “Bullets over Broadway” မှာ အတူတူပါဝင်ခဲ့ကြရင်းနဲ့ တွေ့ဆုံခဲ့ကြပြီး ၂၀၁၇ခုနှစ်မှာ လက်ထပ်ခဲ့ကြတာပါ။ အရင်က အာမန်ဒါက ပြဇာတ်အကမင်းသမီးဟောင်းဖြစ်ပြီး အခုတော့ Gym Trainer တစ်ယောက်ဖြစ်ပါတယ်။

နစ်ခ်က လော့စ်အိန်ဂျလိစ်မြို့ရဲ့ Cedars-Sinai Medical Center မှာ မတ်လက ဆေးရုံ တက်ခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို အပြင်းအထန်ခံစားရပြီး အသက်ရှုစက်နဲ့ အချိန်တော်တော်များများ ကုန်ဆုံးခဲ့ရပါတယ်။ ဧပြီလမှာတော့ နစ်ခ်ဟာ ခြေထောက်ကို ဖြတ်တောက်ကုသခဲ့ရပါတယ်။ ရက်တစ်ပတ် တော်တော်ကြာတဲ့အထိ နစ်ခ်က သတိမေ့မြောခဲ့ပါတယ်။ အဲဒီကြောင့်ပဲ နစ်ခ် ပြန်လည်ကောင်းမွန်လာဖို့အတွက် အားပေးတဲ့အနေနဲ့ လူမှုကွန်ယက်မှာ #WakeupNick ဆိုတဲ့ hashtag ကမ်ပိန်းပေါ်လာခဲ့ပါတယ်။

မေလမှာ နစ်ခ် ပြန်သတိရလာပြီလို့ အာမန်ဒါက အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။ နစ်ခ်က အရမ်းအားနည်းနေတဲ့အတွက် တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ အခုလအစောပိုင်းမှာ နစ်ခ်က သွေးပမာဏအရမ်းနည်းသွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းမှာလည်း သွေးမထွက်တော့ဘူးလို့ အာမန်ဒါက ဆိုပါတယ်။ “COVID-19 ကြောင့် နစ်ခ်ရဲ့အဆုတ်တွေ ပြင်းပြင်းထန်ထန် ပျက်စီးခဲ့တယ်ဆိုတာကို ကျွန်မတို့သိလိုက်ရပါတယ်။ သူဟာ နှစ် (၅၀) လောက် ဆေးလိပ်သောက်လာခဲ့တဲ့သူလိုပဲလို့ သူတို့ပြောပါတယ်။ အဆုတ်တွေ အဲလောက်ထိ ပျက်စီးသွားခဲ့ပါတယ်”လို့ အာမန်ဒါက ပြောပါတယ်။

နစ်ခ်က စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေတဲ့အတွက် အဆုတ်အစားထိုးကုသမှုကို နှစ်ကြိမ်လုပ်ဆောင်ဖို့လိုခဲ့ပါတယ်။ အဆုတ်အစားထိုးကုသဖို့က ဖြစ်နိုင်ချေနည်းခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာတော့ နစ်ခ်က COVID-19 ကြောင့် သေဆုံးသွားခဲ့ပါပြီ။

Ref: CNN “Nick Cordero, Broadway actor, dies at 41 after battle with Covid-19”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top