အိမ်သုံးပစ္စည်းတွေအသုံးပြုပြီး Extraction ရုပ်ရှင်ဇာတ်ကား ထွေလာကို တုပရိုက်ကူးခဲ့တဲ့ နိုင်ဂျီးရီးယားကလေးငယ်တွေ ဟောလိဝုဒ်ကို ဖိတ်ခေါ်ခံရ

29-6-2020-yyl-007.jpg

ဒေါ်လာသန်းချီ အကုန်အကျခံ ရိုက်ကူးထားတဲ့ တေးဂီတဗီဒီယိုတွေ၊ ရုပ်ရှင်‌ထွေလာတွေကို အိမ်သုံးပစ္စည်းတွေ အသုံးပြုပြီး တုပရိုက်ကူးပုံဖော်ခဲ့လို့ လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ကြားခဲ့တဲ့ နိုင်ဂျီးရီးယားကလေးငယ်တွေဟာ ဟောလိဝုဒ်ကို လာရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အိုင်ကိုရိုဒူချာတိတ်လေးများ (Ikorodu Bois) လို့ အမည်ပေးထားတဲ့ နိုင်ဂျီးရီးယားကလေးငယ်အဖွဲ့မှာ မူရစ်(၁၅ နှစ်)၊ မာလစ်(၁၀ နှစ်)၊ ဖာဝါအိုင်နာ (၁၃ နှစ်)တို့ ပါဝင်ပြီး အသက် ၂၃ နှစ်အရွယ်ရှိတဲ့ သူတို့အစ်ကို ဘာဘာတန်ဒီက သူတို့ရဲ့ဗီဒီယိုကို တည်းဖြတ်ပေးခဲ့တာပါ။ သူတို့ဟာ လွယ်လင့်တကူရရှိနိုင်တဲ့ အိမ်သုံးပစ္စည်းတွေသုံးပြီး Netflix ကုမ္ပဏီရဲ့ Extraction ရုပ်ရှင်ဇာတ်ကား ထွေလာကို တုပရိုက်ကူးခဲ့တာပါ။

သူတို့ရဲ့ ရုပ်ရှင်ထွေလာကို လူမှုကွန်ရက်ပေါ် တင်ပြီးချိန်မှာ Extraction ဇာတ်ကားရဲ့ခေါင်းဆောင်မင်းသား ခရစ်ဟမ်စဝါ့သ်နဲ့ Netflix ကုမ္ပဏီက သတိထားမိအောင် ဝေမျှပေးကြဖို့၊ Tag တွဲပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။ အိုင်ကိုရိုဒူချာတိတ်လေးများရဲ့ ရုပ်ရှင်ထွေလာဟာ တွစ်တာပေါ်မှာ ကြည့်ရှုသူ ၁၁ သန်းနီးပါး ရှိခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာတင်ပြီး နာရီပိုင်းအကြာမှာပဲ Netflix ကုမ္ပဏီက ” သဘောကျတယ်”လို့ မှတ်ချက်ပေးခဲ့ပြီး ဟမ်စဝါ့သ်ကလည်း ပြောင်မြောက်လွန်းတယ်လို့ ရေးသားခဲ့ပါတယ်။ Netflix ကုမ္ပဏီနဲ့ ဟမ်စဝါ့သ်တို့ဆီကနေ အခုလို တုံ့ပြန်မှုရတာ သူတို့ရဲ့အိပ်မက် အမှန်တကယ်ဖြစ်လာခဲ့တာလို့ အိုင်ကိုရိုဒူချာတိတ်လေးများအဖွဲ့က ပြောပါတယ်။

Extraction ဇာတ်ကားကို ထုတ်လုပ်တဲ့ Russo Brothers ကလည်း Extraction 2 ဇာတ်ကားကို အထူးပွဲပြတဲ့အခါ လာရောက်ကြည့်ရှုဖို့ အိုင်ကိုရိုဒူချာတိတ်လေးများအဖွဲ့ကို ဖိတ်ခေါ်ထားပါတယ်။ သူတို့အဖွဲ့ဟာ အရင်တုန်းကလည်း တေးသီချင်းဗီဒီယိုတွေ၊ ရုပ်ရှင်ထွေလာတွေ ဖန်တီးခဲ့ဖူးပြီး ဝီလ်စမစ်၊ Money Heist ဇာတ်ကားရဲ့ သရုပ်ဆောင် အယ်လ်ဗာရိုမွန်တီ၊ ရက်ပ်အဆိုတော် ရော့ဒီရစ်ချ်တို့အပါအဝင် နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ချီးကျူးဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ သူတို့ရဲ့ အင်စတာဂရမ်စာမျက်နှာက အားပေးသူ ၆၀၀၀၀၀ ကျော် ရှိနေပါတယ်။

Ref: CNN “Nigerian kids ‘Ikorodu Bois’ get Hollywood invite after recreating movie trailer”

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top