ပျောက်ဆုံးနေတဲ့ ဂျပန် ရှုခင်းကြည့်စက်လှေပေါ်က လူ ၉ ယောက်ကို တွေ့ရှိ

25-4-2022-yyl-02.jpg

ပျောက်ဆုံးနေတဲ့ ရှုခင်းကြည့်စက်လှေပေါ်က လူ ၉ ယောက်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ လူ ၂၆ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ ပြီးခဲ့တဲ့စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁း၁၅ မိနစ်မှာ ရေဝင်နေပြီဆိုတဲ့ အချက်ပြမှု ပို့ခဲ့ပြီးနောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းဆွယ် ကမ်းလွန်ဘက်မှာ ပျောက်ဆုံးသွားခဲ့တာပါ။

ခဇု ၁ လို့ အမည်ရတဲ့ စက်လှေဟာ ရှီရီတိုကိုကျွန်းဆွယ်တစ်ဝိုက်က ရှုခင်းတွေ ကြည့်ရှုဖို့အတွက် ၃ နာရီကြာ ခရီးစဉ် ထွက်လာတာ ဖြစ်ပါတယ်။ အဲဒီဒေသဟာ ယူနက်စ်ကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်ပြီး ခရီးသည်တွေက ဝေလငါး၊ ပင်လယ်ခြင်္သေ့၊ အညိုရောင်ဝက်ဝံတွေကို ကြည့်ရှုဖို့အတွက် စက်လှေနဲ့ လာရောက်ကြလေ့ရှိပါတယ်။

ခဇု ၁ စက်လှေကို ရှာဖွေဖို့ ကမ်းခြေစောင့်တပ်ဖွဲ့က ကင်းလှည့်သင်္ဘောတွေ၊ စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တွေ ဖြန့်ကျက်ထားပြီး ငါးဖမ်းသင်္ဘောတွေကလည်း ရှာဖွေရေးအစီအစဉ်မှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဟော့ကိုင်းဒိုးကျွန်းဆွယ် ရှီရီတိုကိုအငူနားမှာ လူ ၉ ယောက်ကို တွေ့ရှိခဲ့တာဖြစ်ပြီး ၄ ယောက်ကတော့ သတိလစ်နေတယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ ကျန် ၅ ယောက်ရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

စက်လှေပေါ်မှာ လိုက်ပါလာသူအားလုံး အသက်ကယ်အင်္ကျီဝတ်ထားကြတယ်လို့ အမှုထမ်းတွေက ဆိုကြပါတယ်။ ဒါပေမဲ့ ညအချိန် ရောက်လာရင် အဲဒီနေရာတစ်ဝိုက်မှာ အပူချိန် ရေခဲမှတ်အထိ ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။ စက်လှေပေါ်က လူ ၂၆ ယောက်အနက် ကလေးငယ် ၂ ယောက်နဲ့ အမှုထမ်း ၂ ယောက် ပါဝင်ပါတယ်။

Ref: CNN & BBC “Nine people found from missing Japanese sightseeing boat, coast guard says”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top