ဝိတ်တန်း ၂ ခုချန်ပီယံ အောင်လအန်ဆန်၏ ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းနောက်ကွယ်မှအကြောင်း

IMG_0890.jpg

တေးဂီတဆိုသည်မှာ လူသားတို့၏ နေ့စဉ်ဘဝတွင် ပုံစံအမျိုးမျိုးဖြင့် တည်ရှိနေတတ်သော်လည်း တိုက်ခိုက်မှုအားကစားတွင်မူ တစ်မူထူးခြားသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ညကစားပွဲတစ်ခုကို အနိုင်ရရှိရန်အတွက် ပြင်းထန်သောလေ့ကျင့်မှု၊ ကမ္ဘာ့အဆင့်မီ စွမ်းဆောင်ရည်၊ ကံကြမ္မာအလေးပေးမှုတို့အပေါ်တွင် မှီတည်နေသည်မှာ မှန်သော်လည်း အားကစားသမားတစ်ယောက်အဖို့ ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းသည်လည်း ၎င်း၏ အကောင်းဆုံးစွမ်းဆောင်နိုင်ရေး စိတ်ဓာတ်ပြင်ဆင်မှုရာအပိုင်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ထိုသီချင်းသည် ကြိုးဝိုင်းအတွင်းရှိ ပြိုင်ပွဲ၏ ရလဒ်အပေါ် သက်ရောက်ခြင်းမရှိသော်လည်း ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းရွေးချယ်မှုသည် ကစားသမားတစ်ဦးချင်းစီ၏ သဘောသဘာဝကို အတော်အတန်ပင် ထင်ဟပ်မှုရှိသည်။ မြန်မာနိုင်ငံ၏ အထင်ရှား အကျော်ကြားဆုံးအားကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသော ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမား အောင်လအန်ဆန်သည် ပြိုင်ပွဲကြိုးဝိုင်းတွင်းသို့ ဝင်ရောက်ရာတွင် ၎င်းနှစ်သက်စွာအသုံးပြုသည့် သီချင်းရှိပါသည်။

ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ အောင်လအန်ဆန်သည် ၂၀၁၆ အောက်တိုဘာလတွင်းက ကျင်းပသောပြိုင်ပွဲကြီး၌ ပြိုင်ဘက် Michal Pasternak ကို ဒိုင်ဆုံးဖြတ်ချက်ဖြင့် အနိုင်ရခဲ့သောပွဲကတည်းက စတင်၍ Iron Cross တီးဝိုင်းနှင့် လက်တွဲကာ မြန်မာရော့ခ်အဆိုတော် လေးဖြူ၏ အမဲလိုက်အကသီချင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ လေးဖြူ၏ သူမတူ ထူးခြားအားကောင်းသော အသံကြောင့်ပင် မြန်မာ့ရော့ခ်ဂီတကို လူကြိုက်များလာကြခြင်းလည်းဖြစ်သည်။

အထက်ဖော်ပြပါသီချင်းသည် လေးဖြူ၏ ၂၀၁၀ ခုနှစ်တွင်းကထွက်ရှိထားသော ‘လိပ်ပြာ’ တေးစီးရီးအတွင်းမှ သီချင်းတစ်ပုဒ်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း တေးဂီတဆုပေါင်းများစွာ ဆွတ်ခူးရရှိထားသည်။ မြန်မာနိုင်ငံရှိ နာမည်ကျော် ရေဒီယိုလိုင်းများ၏ ထိပ်တန်းတေးသီချင်းစာရင်းများတွင်လည်း မပါမဖြစ် ပါဝင်နေသည်။ ထို့အပြင် ထိုသီချင်းသည် Iron Cross ၏ ၂၀၁၆ တွင် ထွက်ရှိထားသော နှစ် ၂၀ မြောက်ထုတ်လုပ်သော တေးစီးရီးတွင်လည်း ပါဝင်ထားသည်။

အောင်လအန်ဆန်က ၎င်းအနေဖြင့် ဤသီချင်းကို ၎င်း၏ ကြိုးဝိုင်းတွင်းဝင်ရောက်သည့်သီချင်းအနေဖြင့် ရွေးချယ်ရခြင်းမှာ ထိုသီချင်းသည် မြန်မာလူမျိုးများ အလွန်နှစ်သက်သော သီချင်းဖြစ်သောကြောင့် ဖြစ်သည်။

“ကိုလေးဖြူဆိုတာက မြန်မာနိုင်ငံမှာ ရော့ခ်ဂီတဆရာတစ်ဆူပါ။ သူ့ရဲ့ သီချင်းတွေကို လူတွေက သိပ်နှစ်သက်ကြတာတွေ့ရတယ်။ ဒီသီချင်းကို ကျွန်တော့်ရဲ့ ကြိုးဝိုင်းထဲဝင်မယ့်သီချင်းအဖြစ်ရွေးဖြစ်တာက သိပ်တော့ မထူးဆန်းပါဘူး။ ပရိတ်သတ်တွေက ဒီသီချင်းရဲ့ စာသားနဲ့ တီးလုံးတိုင်းကို အလွတ်ရကြတယ်။ သူတို့တွေ chorus ကို လိုက်ဆိုကြတဲ့အချိန်ဆို သိပ်ကို သဘောကျမိတယ်” ဟု အောင်လအန်ဆန်က ဆိုသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲ၏ အဓိကပွဲစဉ်အဖြစ် လက်ဘနွန်နိုင်ငံသား စိန်ခေါ်သူ Mohammad Karaki နှင့် ရင်ဆိုင်၍ ဒုတိယအကြိမ်မြောက် မစ်ဒယ်ဝိတ်ခါးပတ်ကို ကာကွယ်ရသောပွဲကြီးတွင် အောင်လအန်ဆန်သည် ၎င်းသီးချင်းဖြင့်ပင် ကြိုးဝိုင်းတွင်းသို့ ဝင်ရောက်ခဲ့သည်။ အောင်လအန်ဆန်က “ကြိုးဝိုင်းထဲကို ကျွန်တော် ဝင်ရောက်ရတဲ့ မြင်ကွင်းကို တွေးမိတိုင်း ကျွန်တော် ကျက်သီးထမိပါတယ်။ ဘာကြောင့်လဲဆိုရင် သီချင်းသံက ကျယ်လောင်ပေမယ့် သိပ်ကို ကောင်းလို့ပါ။ ပွဲရုံကြီးထဲက ပရိတ်သတ်တိုင်းရဲ့ အားပေးမှုကို ကျွန်တော်ခံစားလို့ရပါတယ်။” ဟု ဆက်လက်ပြောကြားသည်။

အောင်လအန်ဆန်သည် ပြိုင်ဘက် Karaki ကို ပထမအချီတွင်ပင် ဒိုင်ပွဲရပ်ဖြင့် လျင်မြန်စွာအနိုင်ယူကာ ၎င်း၏ မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ကို အောင်မြင်စွာကာကွယ်ထားသည်။ ၅ ပွဲဆက်တိုက်အနိုင်ရယူထားသော အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်သည် ရှေ့ဆက်ထိုးသတ်မည့်ပွဲများတွင်လည်း ‘အမဲလိုက်အက’ သီချင်းဖြင့်ပင် ကြိုးဝိုင်းအတွင်း ဆက်လက်ဝင်ရောက်သွားဦးမည်ဖြစ်သည်။

“ကျွန်တော် ဒီသီချင်းကိုပဲ သုံးလာတာ ၂ နှစ်လောက်ရှိပါပြီ။ ဒီသီချင်းက ကျွန်တော့်အတွက် လာဘ်ကောင်လေးလို့တောင် ပြောလို့ရပါတယ်။ ဒီသီချင်းကိုပဲ အတော်ကြာကြာသုံးသွားဖို့ စဉ်းစားထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုကို ပြသဖို့အတွက် အကောင်းဆုံးအခွင့်အရေးတွေထဲက တစ်ခုဖြစ်သလို မြန်မာနိုင်ငံမှာ အခိုင်အမာရှိနေတဲ့ ဂီတပုံစံကိုလည်း ပြသနေတာဖြစ်ပါတယ်” ဟု အောင်လအန်ဆန်က ထပ်မံပြောကြားသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top