မြန်မာအမျိုးသမီးများနေ့

Maymar-women-day.jpg

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်လ (၃) ရက်နေ့တိုင်းတွင် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ကို ကျင်းပလေ့ရှိပါသည်။ မြန်မာအမျိုးသမီးတို့သည် မြန်မာနိုင်ငံ၏သမိုင်းဦးအစမှ ယနေ့ခေတ်အခါအထိ ဘာသာသာသနာ၊ နိုင်ငံရေး၊ ပညာရေး၊ စာပေ၊ အနုပညာ၊ စီးပွားရေး စသည့် နိုင်ငံအတွက် အရေးပါသောအခန်းကဏ္ဍများတွင်ပါဝင်ခဲ့ကြသည်။

မြန်မာအမျိုးသမီးတို့သည် ကောင်းခြင်းငါးဖြာဖြင့် ယဉ်ကျေးသိမ်မွေ့လှပပြီး ကိုယ်ကျင့်တရား ကောင်းမွန်ကြသည်။ ကိုယ့်ထီး၊ ကိုယ့်နန်းနှင့် နေခဲ့ကြရစဉ်ကတည်းက အမျိုးသားများနှင့်ရင်ပေါင်တန်းကာ နိုင်ငံ့တာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်ခဲ့ကြသည်။ ယနေ့တွင်မူ လွှတ်တော် ကိုယ်စားလှယ်များ၊ စစ်မှုထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တရားသူကြီးများ၊ ဥပဒေပညာရှင်များ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုအသင်းအဖွဲ့ခေါင်းဆောင်များ၊ နာမည်ကျော်အနုပညာရှင်များ၊ စာရေးဆရာများ၊ နိုင်ငံတကာအဆင့်အလှမယ်များအဖြစ် ပေါ်ထွန်းနေပြီ ဖြစ်သည်။

အမျိုးသမီးများ၏ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် အမျိုးသမီးများကိုယ်တိုင်ဦးဆောင်သော မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ၂ဝဝ၃ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂ၏ ထောင်စုနှစ်ပန်းတိုင် (၁၇) ရပ်အနက် ပန်းတိုင် (၅) ”ကျား၊ မ တန်းတူညီမျှမှုရရှိရေးနှင့် အမျိုးသမီးများအားလုံး စွမ်းပကားတိုးမြှင့်စေရေး” (Goal 5-Achieve gender equality and empower all women and girls.) ဟူသာ့်အချက်အရ အမျိုးသမီးများ၏စွမ်းဆောင်ရည်မြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အကူအညီများဆောင်ရွက်ပေးခဲ့ပါသည်။

ခေတ်အဆက်ဆက် မြန်မာအမျိုးသမီးတို့သည် အမျိုးသားရေးလှုပ်ရှားမှုများတွင်လည်းကောင်း၊ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်းကောင်း ဇွဲစိတ်သန်သန် အနစ်နာခံကာ တိုင်းချစ်ပြည်ချစ်စိတ် အပြည့်အဝဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ ယုံမှားဖွယ်ရာမရှိသောကြောင့် မြန်မာနိုင်ငံအတွက် မြန်မာအမျိုးသားတို့ကအုတ်တစ်ချပ်ဆိုလျှင် မြန်မာအမျိုးသမီးတို့ကို သဲတစ်ပွင့်ဟုသတ်မှတ်နိုင်ပါသည်။

သို့ဖြစ်၍ ယနေ့ခေတ်မြန်မာအမျိုးသမီးများသည်လည်း ခေတ်အဆက်ဆက်က မြန်မာအမျိုးသမီးများ၏ ထွန်းပြောင်ခဲ့သည့်အစဉ်အလာကို ဂုဏ်ယူလက်ဆင့်ကမ်းလျက် မြန်မာ့လူ့အဖွဲ့အစည်း တည်တံ့ဖွံ့ဖြိုးရေးကဏ္ဍများတွင် ဆထက်တပိုး ပူးပေါင်းဆောင်ရွက်နိုင်ကြရန် မျှော်လင့်ဆန္ဒပြုကြောင်းဖော်ပြလျက် ယနေ့ ဇူလိုင်လ ၃ ရက်တွင်ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုလိုက်ရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top