အသက် (၁၀၁) နှစ်အရွယ်အထိ ဓာတ်ပုံရိုက်ကူးနေတဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး ဓာတ်ပုံဂျာနယ်လစ်

65371884_477600529663359_4863873711930867712_n.jpg

ဂျပန်နိုင်ငံက အဖွား ဆာဆာမိုတို ဟာ (Tsuneko Sasamoto) (၁၉၁၄) ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဓာတ်ပုံဂျာနယ်လစ်တစ်ဦးဖြစ်သလို ဂျပန်နိုင်ငံရဲ့ ဝါအရင့်ဆုံး သက်တော်ရှည် ဓာတ်ပုံပညာရှင်တွေထဲက တစ်ဦးဆိုလဲ မမှားပါဘူး။

သူဟာ အသက် (၂၅) နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့စစ်ကြိုခေတ်နဲ့ စစ်ပြီးခေတ် အခြေအနေတွေကို ကင်မရာနဲ့ အထိမိဆုံး မှတ်တမ်းတင်နိုင်ခဲ့တဲ့ သူ့ရဲ့ဓာတ်ပုံလက်ရာတွေဟာ အထူးထင်ရှားခဲ့ပါတယ်။

(၇၆) နှစ်တိုင်တိုင် ဓာတ်ပုံရိုက်ကူးလာသူ အဖွားဟာ လက်ရှိအချိန်ထိလည်း ဓာတ်ပုံကိုရိုက်ကူးနေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လက်တစ်ဖက် နဲ့ ခြေနှစ်ဖက်လုံးကျိုးသွားခဲ့တာတောင်မှ ကွယ်လွန်သွားတဲ့ သူငယ်ချင်းတွေကို ရည်စူးတဲ့ အမှတ်တရ ဓာတ်ပုံပရောဂျက်တစ်ခုအနေနဲ့ “Flower Glow” ကို အသက်သွင်းနေဆဲဖြစ်ပြီး ဒီအတွက် ပန်းပွင်လေးတွေရဲ့ အလှအပကို ဆက်လက်ရိုက်ကူးပုံဖော်နေဆဲဖြစ်တယ်လို့ သိရတာက အံ့အားသင့်စရာကောင်းခဲ့ပါတယ်။

ငယ်စဉ်က အဖွားရဲ့အရာရာကိုစူးစမ်းလိုစိတ်က သူ့ကိုမောင်းနှင်ပေးခဲ့ပြီး သူ့ရဲ့ဘဝခံယူချက်က သူ့ရဲ့စိတ်ဓာတ်ပြင်းပြမှုကို အထင်ဟပ်ဆုံးဖော်ပြနေတာပါပဲ။

” အဖွားလား….. စစ်တွင်းကာလမှာ သိပ်ကြောက်ခဲ့တာပေါ့။ ဒါပေမယ့် အဖွားစိတ်က စူးစမ်းချင်တယ်။ ကမ္ဘာကြီးကိုရင်ဆိုင်ချင်တယ်။ မကြိုက်၊ မနှစ်သက်တဲ့အရာကိုတောင်မှ ရောက်အောင်သွားချင်ပြီး မြင်တွေ့၊ ထိတွေ့ချင်တယ်။ ကိုယ်တွေ့မြင်ရတဲ့ အရာအားလုံးကို လူတွေဆီ ပြန်သိစေချင်တယ်။ ဒါကြောင့်ဓာတ်ပုံတွေရိုက်ခဲ့တာပဲ ”

“ဘဝကို ဘယ်တော့မှအလျှော့မပေးနဲ့။ ဒူးမထောက်နဲ့။ ဘယ်တော့မှ အပျင်းမကြီးပါနဲ့။ ကိုယ့်လုပ်နိုင်စွမ်းကို ပိုမြင့်တက်လာအောင်လုပ်ပါ။ သတိနဲ့ ယှဉ်တွဲနေထိုင်ပြီး ရှေ့ကိုသာဆက်လျှောက်သွားဖို့ပါပဲ ” လို့ အဖွားက NHK World နဲ့ အင်တာဗျူးမှာ ဘဝရဲ့အသိနဲ့ပတ်သက်ပြီး မျှဝေသွားခဲ့ပါတယ်။

Ref: Boredpanda “Japan’s First Woman Photo-Journalist, Still Shooting At The Age Of 101”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top