မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု အချိန်မရွေး လုပ်နိုင်တယ်လို့ အမေရိကန်အရာရှိ သတိပေး

8-6-2022-yyl06.jpg

မြောက်ကိုရီးယားက ၇ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု အချိန်မရွေး လုပ်လာနိုင်တယ်လို့ မြောက်ကိုရီးယားမူဝါဒဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဆန်ကင်က သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားက ၈ ကြိမ်မြောက် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှု လုပ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဆန်ကင်က အခုလို သတိပေးခဲ့တာပါ။ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေပြီး မြောက်ကိုရီးယားနိုင်ငံက အခုနှစ်အတွင်း ဒုံးကျည် ၃၁ စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ဒါဟာ မကြုံစဖူး များပြားလွန်းတဲ့ပမာဏဖြစ်ပြီး ယခင်စံချိန်တင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတောင် တစ်နှစ်လုံးမှာမှ ဒုံးကျည် ၂၅ စင်းပဲ ပစ်လွှတ်ခဲ့တာပါ။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ဆန်ကင်က အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအရာရှိတွေရဲ့ ပြောဆိုမှုတွေအရ ဗျူဟာမြောက် (သို့မဟုတ်) အသေးစား နျူကလီးယားလက်နက်ကို ထုတ်စမ်းချင်နေပုံပေါ်တယ်လို့ သူက ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု လုပ်လာခဲ့ရင် ” မြန်ဆန်ထိရောက်စွာ တုံ့ပြန်သွားမယ်” လို့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝန်ဒီရှာမန်းက ပြောပါတယ်။ ” အဲဒီလို စမ်းသပ်မှုက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို လုံးဝချိုးဖောက်ရာ ရောက်ပါတယ်။ တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေသာမက တကမ္ဘာလုံးက ခိုင်မာပြတ်သားစွာ တုံ့ပြန်ကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်” လို့ ဝန်ဒီရှာမန်းက ပြောခဲ့တာပါ။

မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း နျူကလီးယားစမ်းသပ်မှု လုပ်ခဲ့ခြင်းမရှိပါဘူး။ အမေရိကန်အစိုးရရဲ့ သုံးသပ်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပါဘူး။

Ref: BBC ” North Korea could carry out nuclear tests ‘any time’, warns US official”


NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top