လေယာဉ်ပျံသန်းမောင်းနှင်ပြီး တိရစ္ဆာန်လေးတွေကို ကယ်တင်ပေးနေတဲ့ အငြိမ်းစားလေယာဉ်မှူး

8-6-2022-yyl07.jpg

ဝစ္စကွန်းဆင်းပြည်နယ်က ဒေးဗစ် တန် ဟာ ပရော်ဖက်ရှင်နယ်လေယာဉ်မှူးအဖြစ် နှစ် (၄၀) ကြာ လုပ်ခဲ့တဲ့ အလုပ်ကနေ အငြိမ်းစားယူခဲ့သူပါ။ ဒါပေမဲ့ အငြိမ်းစားယူခဲ့ပေမဲ့ သူ့ရဲ့ပညာကို လက်ရှိအချိန်ထိ အကျိုးရှိရှိအသုံးချနေတုန်းပါပဲ။ သူက Aermacchi SF-260 အမျိုးအစား (၂) ယောက်စီးလေယာဉ်ငယ်ကို မောင်းနှင်နေပါတယ်။ သူ့ဘေးကနေ လိုက်ပါလာခဲ့တဲ့သူတွေက စွန့်ပစ်ခံရတဲ့တိရစ္ဆာန်လေးတွေ (ဒါမှမဟုတ်) ကယ်ဆယ်ရေးစင်တာက တိရစ္ဆာန်လေးတွေပါ။

၂၀၁၂ခုနှစ်ကတည်းက ဒေးဗစ်ဟာ လေယာဉ်ပျံသန်းမောင်းနှင်ပြီး ခွေးအကောင်ရေ (၃၆၀) ကျော်ကို ကူညီကယ်ဆယ်ပေးခဲ့တာပါ။ သူက ခွေးအမေကြီးနဲ့ သူ့ရဲ့ခွေးပေါက်လေး (၈) ကောင်ကိုလည်း လုံခြုံဘေးကင်းတဲ့နေရာဆီ လေယာဉ်နဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။ အိုဟိုင်းယိုးပြည်နယ်က တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေးစင်တာဆီ ကူညီပို့ဆောင်ပေးခဲ့တဲ့ တိရစ္ဆာန်တွေထဲမှာ ကြောင် (၂၃) ကောင်၊ နှင်းကိုက်နာဖြစ်နေတဲ့ ဆိတ် (၃) ကောင်၊ ဝက် (၁) ကောင်၊ လင်းနို့ (၁) ကောင်တောင် ပါ ပါတယ်။ လွန်ခဲ့တဲ့ (၁၅) နှစ်က စင်္ကာပူလေတပ်နဲ့အတူ ကယ်ဆယ်ရေးရဟတ်ယာဉ်မှူးအဖြစ် လေ့ကျင့်ခဲ့တဲ့ လေယာဉ်ကိုပဲ ဒေးဗစ်က အသုံးပြုနေတာပါ။ လေယာဉ်ရဲ့တစ်ဖက်မှာ သူ့နာမည်ရေးထားပြီး လေယာဉ်ကိုတော့ Gina လို့ ခေါ်ပုံရပါတယ်။

ဒေးဗစ်က လေကြောင်းကုန်သွယ်မှုမဂ္ဂဇင်းဆောင်းပါးတစ်ခုမှာ အပြစ်ကင်းတဲ့တိရစ္ဆာန်လေးတွေရဲ့အသက်တွေကို ကယ်ဆယ်ပေးနေတဲ့ Pilots N Paws လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့ 501(c)(3) အဖွဲ့အစည်းအကြောင်း သိခဲ့ရတယ်။ အဲဒီအဖွဲ့အစည်းက တိရစ္ဆာန်သယ်ယူပို့ဆောင်ရေးတွေမှာ ကူညီပေးလိုတဲ့ စေတနာ့ဝန်ထမ်းလေယာဉ်မှူးတွေနဲ့ လေယာဉ်ပိုင်ရှင်တွေကို စုစည်းထားတာပါ။ အဲဒါကြောင့် သူလည်း စေတနာ့ဝန်ထမ်းလေယာဉ်မှူးအဖြစ် လုပ်ဖြစ်သွားခဲ့တာပါ။

ဒေးဗစ်ရဲ့ကယ်ဆယ်ရေးမစ်ရှင်အများစုက အမေရိကန်တောင်ပိုင်းပြည်နယ်တွေမှာပါပဲ။ တိရစ္ဆာန်လေးတွေကို ကယ်ဆယ်ရင်းနဲ့ တိရစ္ဆာန်တွေအပေါ် ရက်စက်လွန်းတဲ့ လူတွေနဲ့ပတ်သက်ပြီး ဇာတ်လမ်းတချို့ သိခဲ့ရပါတယ်။ သူ ပြန်ပြောပြခဲ့တဲ့ ဇာတ်လမ်းတွေထဲက တစ်ခုကတော့ အိမ်ထဲမှာ မစင်စွန့်တာကြောင့် ခွေးပိုင်ရှင်က ဇီဝိန်ခြွေဖို့ တိရစ္ဆာန်ဆေးကုခန်းကို ခေါ်လာခံရတဲ့ ခွေးလေးအကြောင်းပါပဲ။ တိရစ္ဆာန်ဆေးကုခန်းက ဒေးဗစ်ကို ဆက်သွယ်ခဲ့တာကြောင့် အဲဒီခွေးလေးကို လာခေါ်ပြီး အိုင်အိုဝါပြည်နယ်က ကယ်ဆယ်ရေးအဖွဲ့ဆီ ‌ခေါ်သွားခဲ့ပါတယ်။

ဒေးဗစ်က Fetch Wisconsin၊ Albert’s Dog Lounge၊ Underdog Pet Rescue အစရှိတဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်ကိုင်ပါတယ်။ သူဟာ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းက တိရစ္ဆာန်တွေကို မွေးစားချင်တဲ့သူတွေဆီလည်း ပို့ဆောင်ပေးရပါတယ်။ တစ်ခါတလေ မိသားစုတွေက ဒေးဗစ်ရဲ့အကူအညီအတွက် အရမ်းကျေးဇူးတင်ပြီး ပိုက်ဆံပေးဖို့ လုပ်ကြပါတယ်။ ဒါပေမဲ့ သူက ဘယ်တော့မှ အဲဒီပိုက်ဆံတွေကို မယူပါဘူး။ အဲဒီပိုက်ဆံတွေကို ကယ်ဆယ်ရေးအဖွဲ့အစည်းတွေဆီ လှူဒါန်းပစ်ပါတယ်။

‌ဒေးဗစ် တန်က သူ့ရဲ့ကယ်ဆယ်ရေးမစ်ရှင်ပို့စ်တွေကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့် David Tan ( https://www.facebook.com/rescue10 ) မှာ တင်ပေးလေ့ရှိပါတယ်။

Ref: Boredpanda “Retired Pilot Flies Rescue Animals To Their New Homes”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top