လက်နက်စီမံကိန်းရန်ပုံငွေရဖို့ ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ မြောက်ကိုရီးယား ခိုးယူနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြ

4-2-2022-yyl21.jpg

မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်စီမံကိန်းတွေအတွက် ရန်ပုံငွေရရှိစေဖို့ ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ပြီး ဒေါ်လာသန်းချီတန်ကြေးရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ခိုးယူခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၁ နှစ်လယ်ကြားကာလအတွင်း ဆိုက်ဘာတိုက်ခိုက်သူတွေဟာ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် တန်ကြေးရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီလို ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းအတွက် အရေးကြီးတဲ့ဝင်ငွေရင်းမြစ်တစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ မြောက်အမေရိက၊ ဥရောပနဲ့ အာရှတိုက်တွေမှာရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေး ဝယ်၊ ရောင်းဌာန အနည်းဆုံး ၃ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ သူတို့ရဲ့တွေ့ရှိချက်တွေကို ပြီးခဲ့တဲ့သောကြာနေ့က ကုလသမဂ္ဂအရေးယူပိတ်ဆို့မှုကော်မတီထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက် တန်ကြေးရှိတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကို ခိုးယူနိုင်ခဲ့ဖွယ်ရှိတယ်ဆိုတဲ့ Chainalysis လုံခြုံရေးကုမ္ပဏီရဲ့ လေ့လာမှုကိုလည်း အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဖျက်အားပြင်းလက်နက်စီမံကိန်းတွေအတွက် မြောက်ကိုရီးယားနိုင်ငံက နည်းပညာမြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေလုပ်ပြီး အမေရိကန်ဒေါ်လာ ၂ ဘီလျံအထိ ရှာဖွေခဲ့တယ်လို့ ၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂက အစီရင်ခံခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နျူကလီးယားစမ်းသပ်မှုနဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေ မလုပ်ဖို့ ပိတ်ပင်ထားပါတယ်။

မြောက်ကိုရီးယားဟာ အရေးယူပိတ်ဆို့မှုတွေ ခံထားရပေမဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်စီမံကိန်းအတွက် အခြေခံ အဆောက်အအုံတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိနေဆဲပါပဲ။ ပြီးခဲ့တဲ့တစ်လတည်းမှာတင် ဒုံးကျည်စမ်းသပ်မှု ၉ ကြိမ်လုပ်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့မှာ အမေရိကန်နိုင်ငံက ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုတွေ မြင့်တက်လာတဲ့အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ချက်မှာ ရုရှားနဲ့ တရုတ်နိုင်ငံက လက်မှတ်ရေးထိုးပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

Ref: BBC “North Korea: Missile programme funded through stolen crypto, UN report says”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top