ရေတွင်းထဲ ပိတ်မိနေတဲ့ ၅ နှစ်သားလေးကို လက်ဗလာနဲ့ မြေတူးပြီးကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ဟီးရိုးအဖြစ် ချီးကျူးခံခဲ့ရ

4-2-2022-yyl22.jpg

မောရိုကိုက အသက် ၅ နှစ်အရွယ် ကလေးငယ်လေး ရေတွင်းထဲပြုတ်ကျပြီး ၄ ရက်ကြာ ပိတ်မိခဲ့တဲ့ သတင်းကို စာဖတ်ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ ရေတွင်းထဲကနေ ကလေးငယ်ကို ကြိုးစားကယ်ထုတ်နိုင်ခဲ့ပေမဲ့ အသက်မရှင်ခဲ့တာကတော့ ဝမ်းနည်းဖို့ကောင်းလှပါတယ်။ ဒါပေမဲ့ ရာယန် အိုရမ် (Rayan Oram)ရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ကြတဲ့ ကယ်ဆယ်ရေးအဖွဲ့က သူတို့ရဲ့အားထုတ်မှုအတွက် ချီးကျူးခံခဲ့ရပါတယ်။

အဲဒီကယ်ဆယ်ရေးအဖွဲ့ထဲကမှ ဘာဟွာ ဆာချ်ဟာရာအိုအီ (Bwa Sahraoui) ကိုလည်း ကလေးငယ်ကို ကယ်တင်ဖို့အတွက် (၃) ရက်လောက် လက်ဗလာနဲ့တောင် မြေတူးခဲ့တဲ့အတွက် ဟီးရိုးအဖြစ် ချီးကျူးခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်က ဗီဒီယိုတစ်ခုဟာ ဘာဟွာက ပစ္စည်းကိရိယာမပါဘဲ သူ့ရဲ့လက်နဲ့ မြေတူးနေတာကို ပြသလို့နေပါတယ်။ အဲဒီဗီဒီယိုကို မြင်တွေ့ခဲ့တဲ့ တွစ်တာအသုံးပြုသူတစ်ယောက်ကဆိုရင် “မယုံကြည်နို်ငစရာပါပဲ။ အပေါ်ဝတ်ရုံရှည်ဝတ်ထားတဲ့သူတွေပဲ ဟီးရိုးမဟုတ်ဘူးပဲ။ ဒီလူကြီးမင်းကို အရမ်းလေးစားပါတယ်။ ရာယန်ရဲ့အသက်ကို ကယ်တင်ဖို့အတွက် လက်နဲ့ (၃) ရက်မြေတူးခဲ့တဲ့ ဘာဟွာ ဆာချ်ဟာရာအိုအီ” လို့ ဆိုပါတယ်။

“ရဲစွမ်းသတ္တိရှိတဲ့ ဘာဟွာကို အကြီးကြီးဂုဏ်ပြုပါတယ်”၊ “ရာယန်ကို ကယ်တင်ဖို့ (၅) ရက်ကြိုးစားခဲ့ကြတဲ့ အဖွဲ့သားတွေ၊ မော်ရိုကိုလူတွေနဲ့ နောက်ဆုံးမီတာအနည်းငယ်ကို သူ့လက်တွေနဲ့ တူးခဲ့တဲ့ ဘာဟွာ ဆာချ်ဟာရာအိုအီကို လေးစားပါတယ်”လို့ အခြားအသုံးပြုသူတွေကလည်း ရေးသားပြောဆိုခဲ့ကြပါတယ်။ ရေသောက်ရင်း တစ်ကိုယ်လုံးဖုန်တွေပေနေပြီး ပင်ပန်းနေတဲ့ပုံပေါက်နေတဲ့ ဘာဟွာရဲ့ပုံတစ်ပုံကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရေတွင်းထဲပြုတ်ကျသွားခဲ့တဲ့ ရာယန်ကို ကယ်ဆယ်ရေးအဖွဲ့တွေကြိုးစားကယ်တင်ခဲ့တာကို ကမ္ဘာ့တစ်ဝှမ်းက လူတွေက စောင့်ကြည့်ခဲ့ကြတာပါ။ စနေနေ့ညနေမှာတော့ ရာယန်ကို ရေတွင်းထဲကနေ မြေပြင်ပေါ် ကယ်ထုတ်နိုင်ခဲ့တဲ့အတွက် စောင့်ကြည့်ခဲ့တဲ့သူတွေက လက်ခုပ်ဩဘာတီးပြီး ဝမ်းသာခဲ့ကြရပါတယ်။ ဒါပေမဲ့ မောရိုကိုနန်းတော်က ရာယန် အသက်မရှင်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ မော်ရိုကိုဘုရင် မိုဟာမက် (၆) က ရာယန်သေဆုံးသွားပြီးတဲ့နောက်မှာ သူ့ရဲ့မိဘတွေကို ခေါ်ယူတွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဒီနေ့အစောပိုင်းကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကလေးငယ်ရဲ့အသက်ကို ကယ်တင်ဖို့ စွမ်းစွမ်းတမံကြိုးစားခဲ့တဲ့ မော်ရိုကိုကလူတွေကို ချီးကျူးစကားဆိုခဲ့ပြီး “ဒီကြေကွဲဖွယ်ရာအဆုံးသတ်ကြောင့် ဝမ်းနည်းရတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဗီဒီယိုကြည့်ရန်

Ref: TheMirror “Hero workman tried to rescue boy trapped in well by ‘digging for days with bare hands'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top