ကိုဗစ်-၁၉ ၈၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တဲ့ Novavax ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ ထိုးနှံခွင့်ပြု

4-2-2022-yyl07.jpg

ကိုဗစ်-၁၉ ရောဂါကို ၈၉ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တဲ့ အမေရိကန်ကုမ္ပဏီ Novavax ရဲ့ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက ထိုးနှံခွင့်ပြုလိုက်ပါပြီ။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ Novavax ကာကွယ်ဆေးကို ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မြောက် ထိုးနှံမှုတွေအတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပြီလို့ ဗြိတိန်နိုင်ငံ ဆေးဝါးနဲ့ ကျန်းမာရေးထုတ်ကုန်ပစ္စည်းဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။

Novavax ကာကွယ်ဆေးအပါအဝင် ဗြိတိန်နိုင်ငံမှာ ခွင့်ပြုပေးခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး (၅)မျိုး ရှိနေပါပြီ။ ဗြိတိန်နိုင်ငံ တီးဆိုက်ကောင်တီမှာရှိတဲ့ စက်ရုံမှာ Novavax ကာကွယ်ဆေး အဖုံရေသန်းချီ ထုတ်လုပ်နေပြီး ကာကွယ်ဆေး ထုတ်လုပ်ရေး၊ ထိုးနှံရေးဆိုင်ရာ ပူးတွဲကော်မတီရဲ့အမှီခိုကင်းတဲ့ သိပ္ပံပညာရှင်တွေက Novavax ကာကွယ်ဆေးကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်က ပြောပါတယ်။

Novavax ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံထားရင် ယခုလက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားဖြစ်ပေါ်စေလိမ့်မယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ Novavax ကုမ္ပဏီက ထုတ်ပြန်ခဲ့ဖူးပါတယ်။ Novavax ကုမ္ပဏီဟာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်အတွက် သီးသန့်ရည်ရွယ်တဲ့ ကာကွယ်ဆေး ဖော်စပ်နိုင်ဖို့လည်း လုပ်ဆောင်နေပါပြီ။

Novavax ကာကွယ်ဆေးဟာ အသည်းရောင်အသားဝါ၊ ရေယုန်ဗိုင်းရပ်စ် စတဲ့ ရောဂါတွေကနေ ကာကွယ်ပေးနိုင်အောင် အသုံးပြုခဲ့တဲ့ နည်းပညာအပေါ် အခြေခံ ဖော်စပ်ထားတာပါ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်က ပရိုတိန်းဆူးချွန်တွေကို ပုံတူကူးပြီး လူခန္ဓာကိုယ်ရဲ့ ဆဲလ်တွေကို ထိုးသွင်းပေးတဲ့အခါ ကိုယ်ခံအားစနစ်မှာ ပဋိပစ္စည်းနဲ့ T-cells တွေ ထွက်ပေါ်လာစေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားတုံ့ပြန်မှုကို အားကောင်းစေတဲ့ အရာလည်း ထည့်သွင်းထားပါတယ်။ အဲဒီနည်းပညာကြောင့် Novavax ကာကွယ်ဆေးဟာ တခြားကာကွယ်ဆေးတွေထက် ထုတ်လုပ်ဖို့ လွယ်ကူပြီး အိမ်သုံးရေခဲသေတ္တာထဲမှာ သိမ်းဆည်းထားလို့လည်း ရပါတယ်။

Ref: BBC “Novavax Covid jab approved by UK drugs regulator”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top