အဓိပ္ပာယ်အသီးသီးရှိနေကြတဲ့ နိုင်ငံအမည်နာမများ

city.jpeg

သင့်နိုင်ငံရဲ့ နာမည် ကို ကြားရတာ မျိုးချစ်စိတ်ဓာတ် တက်ကြွစေတယ် လို့ မခံစားရဘဲ တစ်ခုခုထူးခြားနေပါသလား? နာမည် ရဲ့ အဓိပ္ပာယ် အစစ်ကို ရော သင်သိပါသလား? သင်မျှော်လင့်ထားသလို ခမ်းနားမှု ရှိချင်မှ ရှိပါလိမ့်မယ်။ Oxford Concise Dictionary of World Place-Name ဆိုတဲ့ စာအုပ်ပါ ကိုးကားချက်အရ အခြေခံအားဖြင့်တော့ နိုင်ငံတော်တော်များများရဲ့ နာမည်တွေဟာ အောက်ပါအချက် ၄ ချက်အပေါ် မူတည်ပြီး ပေးထားတယ် လို့ဆိုပါတယ်။သင့်ရဲ့ နိုင်ငံကရော ဘယ်ခေါင်းစဉ်အောက်မှာ ပါဝင်နေမယ်လို့ ထင်ပါသလဲ။ ကြည့်လိုက်ရအောင်။

၁။ Feature of the land (သွင်ပြင် လက္ခဏာ)

ကမ္ဘာ့ပေါ်က နိုင်ငံတွေရဲ့ လေးပုံတစ်ပုံ ခန့်ဟာ သူတို့ နိုင်ငံရဲ့ ပုံပန်းသဏာန် ထူးခြားချက်ကို မူတည်ပြီး နာမည်ပေးထားတယ်လို့ဆိုပါတယ်။အိုက်စ်လန်(Iceland)နိုင်ငံရဲ့ မူလ နာမည် က Snaeland ဖြစ်ပါတယ်။ Snowland (နှင်းကျသော အရပ်) ပေါ့။ ဂရေနာဒါ(Grenada) နိုင်ငံဟာဆိုရင် စပိန် သဘောၤသား တစ်ယောက်က သူတို့ စပိန်က ဂရေနာဒါ(Grenada)အရပ်ဒေသနဲ့ မြေပြင်အနေအထား ဆင်တူတယ် ဆိုပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်။ ဂွာတီမာလာ(Guatemala) ဆိုတဲ့ နာမည်ကတော့ Aztec ဘာသာစကား Quauhtemallan ကနေဆင်းသက်လာတာဖြစ်နိုင်ပါတယ်တဲ့။ ”အပင်တွေ၊ ငှက်တွေ ပေါများရာ အရပ်” လိုခေါ်ပါတယ်။ နောက်တစ်မျိုးက Guhatezmalha ဆိုတဲ့ စကားက လာတာ ဖြစ်နိုင်ပြီးတော့ “တောင်ကျရေ စီးဆင်းသော အရပ် ” လို့ အဓိပ္ပာယ် ရပါတယ်တဲ့။

၂။ Directional Description (လမ်းညွှန် ဖော်ပြချက်)

ရှေ့ကတစ်ခုနဲ့ အနည်းငယ် ကွာခြားတဲ့ ဒီတစ်ခုမှာတော့ မြေပြင်အနေအထားကို ပိုပြီး တိတိကျကျ ဖော်ပြထားတာမျိုးပါတဲ့။ ၂၅ နိုင်ငံ ခန့်ဟာ သူတို့ရဲ့တည်နေရာကို ဖော်ပြဖို့ နာမည်ပေးပါတယ်တဲ့။ ဩစတေးလျ(Australia) ဆိုတဲ့ အမည်ဟာ ဂရိ ဘာသာစကား “Terra Australia Incognita” ကလာပါတယ်။ ”တောင်အရပ်က အမည်မသိ” လို့ အဓိပ္ပာယ် ရပြီး ဂရိ တွေရဲ့ တောင်ဘက်ခြမ်း စက်ဝိုင်းစိတ် နဲ့ မနီးမဝေးက နေရာကို စိတ်ကူးအမည်ပေးခဲ့ကြတာဖြစ်မယ်လို့ ထင်ရပါတယ်တဲ့။ အိုင်ယာလန်(Ireland) (Iar-en-land) ကတော့ Land in the west (အနောက်အရပ်က ကုန်းမြေ) ဖြစ်ပါတယ်။ Iar ဆိုတာ Gaelic ဘာသာစကားနဲ့ ‘အနောက်အရပ်’ ဖြစ်ပါသတဲ့။ အီကွေဒေါ(Ecuador) ဟာဆိုရင် စပိန်စကား အီကွေတာ(Equator) ကလာပါတယ်။ အီကွေတာ(Equator) မျဉ်းဟာ နိုင်ငံရဲ့ မြောက်ဘက်ခြမ်းကို ဖြတ်သန်းသွားလို့ပါတဲ့။

၃။ Tribe Name (လူမျိုးစွဲ နာမည်)

ကမ္ဘာ့ သုံးပုံတစ်ပုံဟာတော့ လူမျိုး နာမည်ကို အစွဲပြုပြီးပေးကြပါတယ်တဲ့။ Albanoi လူမျိူး အယ်လ်ဘေးနီးယား(Albania) နိုင်ငံ ပေါ့။ Bang လူမျိုးစုခေါင်းဆောင် ဘန်ဂါ(Banga) ဆိုတာကနေ Bengali လူမျိူ းရယ် ဖြစ်လာပြီး နောက်တော့ ဘင်းဂလားဒေ့ရှ်(Bangladesh) နိုင်ငံဖြစ်လာပါတယ်။ ပြင်သစ်(France) နိုင်ငံ ကတော့ ဂျာမန် မဟာမိတ်လူမျိုးစု တစ်ခုဖြစ်တဲ့ Frank ကနေလာပါတယ်။ Frank ကလည်း Franka ကနေလာတာဖြစ်ပြီး “ကြမ်းတမ်းရဲရင့်သော” ဖြစ်ပါတယ်တဲ့။ Finland ဆိုတဲ့ အင်္ဂလိ်ပ် နာမည်ဟာ ” Finns လူမျိုးတွေရဲ့ ဒေသ” ဖြစ်ပြီး ဂျာမန်စကား finna (ငါးအကြေးခွံ) ကလာပါတယ်။ အစောပိုင်း Finns လူမျိုးတွေရဲ့ ဝတ်စားဆင်ယင်ပုံတစ်မျိုးကို အစွဲပြုခြင်းဖြစ်နိုင်တယ် လို့ဆိုပါတယ်။ မက်ဆီဒိုးနီးယား(Macedonia) ဆိုတဲ့ နာမည်ကတော့ ရှေးဟောင်း ဂရိစကား Mak (မြင့်မားခြင်း ရှည်လျားခြင်း) ကနေဆင်းသက်လာပါတယ်တဲ့။ အရပ်ရှည်တဲ့ လူတွေ နေတဲ့ နေရာတစ်ခုဖြစ်ခဲ့ပုံရပါတယ်။

၄။ Important Person (အရေးပါသော လူပုဂ္ဂိုလ်)

နောက်ထပ် ၂၅ နိုင်ငံခန့်ဟာ သမိုင်းဝင် လေးစားအားကျဖွယ် လူပုဂ္ဂိုလ် တစ်ဦးဦးရဲ့ အမည်ကို အစွဲပြုတယ်လို့ဆိုပါတယ်။ ရှားရှားပါးပါး အမျိုးသမီး တစ်ဦးရဲ့ နာမည်လည်းပဲ ပါဝင်နေခဲ့ပါတယ်။United State of America (USA) ဆိုတဲ့ အမည်ဟာ အီတလီ စူးစမ်းရှာဖွေရေးသမား အမေရီဂို ဗက်စ်ပူစီ(Amerigo Vespucci)ကို လေးစားဂုဏ်ပြုသောအားဖြင့် အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဖိလစ်ပိုင်(Philippine) နိုင်ငံဟာ စပိန်နိုင်ငံရဲ့ ၁၆ ရာစု ဘုရင် ဖိလစ် ၂(Philip 2) ကို အစွဲပြု ဂုဏ်ယူပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်။ခရစ်စတိုဖာ ကိုလမ်ဘတ်စ်(Christopher Columbus) ရဲ့ အတိုကောက်ဖြစ်တဲ့ စိန့် ခရစ်စတိုဖာ(St.Christopher) ကိုယူပြီး ပေးထားတာကတော့ စိန့် ကစ်ထ်(St.Kitts) နိုင်ငံဖြစ်ပါတယ်။ စိန့် လူစီယာ(St.Lucia) ဆိုတဲ့ နိုင်ငံကတော့ ခရစ်စတိုဖာ ကိုလမ်ဘတ်စ်(Christopher Columbus) ရှာဖွေတွေရှိခဲ့တာဖြစ်ပေမယ့် ခရစ်ယာန် အာဇာနည် အမျိုးသမီး စိန့် လူစီ(St.Lucy) ရဲ့ အမည်ကို စွဲခေါ်ခဲ့ပါတယ်။

အခုလို ပုံစံ လေးမျိုး နဲ့ မဟုတ်ပဲ သာမာန် အတိုင်းပေးထားတဲ့ နိုင်ငံတွေလည်း အများကြီး ရှိပါသေးတယ်။ အခု ဒီမှာ ဖော်ပြမထားသေးတဲ့ ထူးဆန်းတဲ့ နိုင်ငံ နာမည်တွေ အကြောင်း ထပ်မံလေ့လာချင်တယ်ဆိုရင်တော့ Oxford Dictionaries blog post မှာထပ်မံလေ့လာနိုင်ပါတယ်။

Ref: Curiosity
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top