ကျောင်းစာကြည့်တိုက်တွေပြန်လည်ရှင်သန်လာဖို့ စီမံကိန်းချဆောင်ရွက်နေပြီ

67244712_1547315638744490_7111595810650849280_n.jpg

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းစာကြည့်တိုက်တွေ ပြန်လည်ဖွံ့ဖြိုး တိုးတက် ဖို့အတွက် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ကဦးဆောင်ပြီး စီမံကိန်းချ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

ဒီစီမံကိန်းကို ”စာဖတ်ကြစို့”လို့ အမည်ပေးထားပြီး နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ၊ မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ပူးပေါင်း ကူညီပံ့ပိုးလျက်ရှိပါတယ်။

အခုလက်ရှိမှာတော့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ ကျောင်းစာကြည့်တိုက်ပေါင်း (၁၄၀) ကျော်ကို ပြန်လည်အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ပြီလို့ မြန်မာစာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ပရဟိတအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်းက ဆိုပါတယ်။

”ကျောင်းတွေမှာ သေနေတဲ့စာကြည့်တိုက်တွေ အများကြီးရှိပါတယ်။ အဲဒီအတွက် အခုလို စီမံကိန်းချ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကလေးပျော်စာကြည့်တိုက်တွေဖြစ်လာဖို့ အဓိကရည်ရွယ်ပါတယ်။ အခု သွားနေတဲ့ ပညာရေးစနစ်ကလည်း စာများများဖတ်နိုင်မှ တော်ကာကျပါမယ်”ဟု ဒေါက်တာသန့်သော်ကောင်းက ပြောပါတယ်။

အခုလို ကျောင်းစာကြည့်တိုက်ပေါင်း (၁၄၀) ကျော်ကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် စာအုပ်အသစ်၊ စာအုပ်စင်၊ ကော်ဇော၊ နံရံဆေးရေးပန်းချီတွေကို ပံ့ပိုးပေးခဲ့တဲ့အပြင် ကျောင်းအုပ် တွေနဲ့ ကျောင်းစာကြည့်တိုက်မှူးတွေကို ကျောင်းစာကြည့်တိုက် စီမံခန့်ခွဲပုံစနစ်၊ စာအုပ်ငှားစနစ်၊ စာအုပ်များ မစုတ်မပြဲအောင် ထိန်းသိမ်း စောင့်ရှောက်ပုံစနစ်တွေကိုလည်း သင်တန်း ပေးခဲ့ပါတယ်။

”အခြေခံကျောင်းတွေမှာ တစ်ပတ်ကို တစ်ချိန် စာကြည့်တိုက်ကို သွားရမယ့်အချိန် ပါလာပါတယ်။ အခုဆိုရင် ကလေးတွေကိုယ်တိုင်က စာကြည့်တိုက်သွားရမယ့်အချိန်ကို စောင့်ဆိုင်း နေကြပါပြီ။ ကျောင်းစာကြည့်တိုက်တွေက သင်ကြားရေးဘက်မှာလည်း အထောက်အကူပြုနိုင်ပါမယ်”လို့ ဒေါက်တာ သန့်သော်ကောင်းက ပြောပါတယ်။

”စာဖတ်ကြစို့” စီမံကိန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှေ့ပြေး စီမံချက်အနေနဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်နဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ ကျောင်း စာကြည့်တိုက်ပေါင်း (၂၀) ကျော်ကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကျောင်း (၁၆) ကျောင်းက ကျောင်း စာကြည့်တိုက်တွေကို ဇူလိုင် (၂၆) ရက်က တပြိုင်နက်တည်း ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ (၁၆) ကျောင်းက စာကြည့်တိုက်တွေကို ဖွင့်လှစ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဓိကကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top