မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန် တစ်ခုနဲ့ တစ်ခုကြား အနည်းဆုံး တစ်နှစ်ခြားသင့်

45194089_2246547482230412_2660014963153698816_n.jpg

မိခင်တွေဟာ ကလေးတစ်ဦး မွေးဖွားပြီးတဲ့အခါ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့အတွက် အနည်းဆုံး တစ်နှစ်လောက် စောင့်ဆိုင်းတာက မိခင်အတွက်ရော ကလေးအတွက်ပါ ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုက ဆိုလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တစ်ခုနဲ့တစ်ခုကြားမှာ အချိန် အနည်းငယ်သာ ခြားပေးခြင်းဟာ လမစေ့ပဲ မွေးဖွားခြင်း၊ ပေါင်ချိန်မပြည့်ပဲ မွေးဖွားခြင်း၊ မီးဖွားစဉ် ကလေးနှင့် မိခင်ရဲ့ သေဆုံးနိုင်ချေနှုန်းကိုပါ မြင့်တက်စေတယ်လို့ ဆိုပါတယ်။ သို့ပေမဲ့လည်း ကမ္ဘာကျန်းမာရေး အဖွဲ့အစည်း (WHO) က ပြောထားသလိုတော့ ၁၈ လ အတိအကျ စောင့်နေစရာ မလိုဘူးလို့လည်း အဆိုပါ စာတမ်းမှာ ဖော်ပြထားပါသေးတယ်။

လေ့လာသူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဝင်ဒီ နောမန် (Wendy Norman) ကတော့ “ အခု တွေ့ရှိ ချက်က အသက်၃၅ ကျော်မှ မိသားစုဘဝ စတင်ဖို့ပြင်နေတဲ့ အမျိုးသမီး တွေအတွက် သတင်းကောင်းဖြစ်မယ်လို့ ထင်ပါတယ်။ သက်ကြီး ကိုယ်ဝန်ဆောင် မိခင်တွေအတွက် ကလေးတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အချိန်ခြားတာ ကောင်းတယ်ဆိုတဲ့အချက် သိသွားကြတာပေါ့။ နောက်ပြီး ကိုယ်ဝန် တစ်ခုနဲ့ တစ်ခုကြား တစ်နှစ်လောက်ပဲ ခြားရတာက အမျိုးသမီးတိုင်း လိုက်လုပ်နိုင်တဲ့အပြင် ဒီလိုလုပ်ခြင်းက မလိုလားအပ်တဲ့ ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချနိုင်တဲ့အတွက် အကျိုးများပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ လေ့လာချက်အရ ကိုယ်ဝန်ဆောင်ချိန် နီးတာ ကလေးအားလုံးအတွက် အန္တရာယ်ရှိပေမဲ့ မိခင်တွေအတွက်ကတော့ အသက် ၃၅ နှစ်ကျော်လေ အန္တရာယ် ပိုများလေလို့ ဆိုပါတယ်။ အသက်က ၃၅ နှစ် ကျော်နေပြီး ကိုယ်ဝန်ဆောင်ချိန် (၆) လသာ ကွာခြားတဲ့ မိခင်တွေဟာ မီးတွင်းထဲမှာ သေဆုံးနိုင်ခြေ ၁.၂% ပိုမြင့်ပါတယ်။ ငယ်ရွယ်တဲ့ မိခင်တွေကတော့ ကိုယ်ဝန်ဆောင်ချိန် ခြောက်လသာ ကွာခြားခဲ့ရင် လမစေ့ဘဲ မွေးနိုင်ခြေ ၈.၅% ပိုများပါတယ်။

ယခု လေ့လာချက်ရဲ့ ဦးဆောင်သူ လော်ရာ ရှကူမာ (Laura Schummers) က “ ကျွန်မတို့ရဲ့ ဒီလေ့လာချက်မှာ ကိုယ်ဝန်ဆောင်ချိန်တွေဟာ အရမ်းနီးကပ်နေရင် မိခင်အတွက်ရော ကလေးအတွက်ပါ ကျန်းမာရေး အန္တရာယ်ရှိတာ တွေ့ခဲ့ရတယ်။ ဒီရှာဖွေတွေ့ရှိချက်ဟာ အသက်ကြီးတဲ့ မိခင်တွေအတွက် အရေးကြီးပါတယ်။ ဒီလို သက်ကြီးမိခင်တွေက (သူတို့အတွက် အချိန်မရှိတော့ဘူး ဆိုပြီးတော့) ကိုယ်ဝန်တစ်ခုနဲ့ တစ်ခုကြား အချိန်သိပ်မခြားဘဲ ရည်ရွယ်ချက်ရှိရှိ တမင်တကာတောင် ကိုယ်ဝန်ဆောင်တတ်ကြလို့လေ” လို့ ပြောကြားခဲ့ပါတယ်။

လေ့လာမှုထဲမှာ ပါဝင်ခဲ့တဲ့ ဒေါက်တာ ဆိုနီယာ (Dr. Sonia) က “ မိခင်တွေရဲ့ အသက်အရွယ်အလိုက် ကိုယ်ဝန်ဆောင်ချိန် နီးကပ်လို့ ဖြစ်ပွားတဲ့ အန္တရာယ်တွေက မတူကြပါဘူး။ ဒါပေမဲ့လည်း ဒီ အန္တရာယ်တွေက ဘာကြောင့်ဖြစ်လဲဆိုရင် မိခင်ရဲ့ ခန္ဓာကိုယ်က ပြန်လည် အားမွေးဖို့ အချိန်မရလိုက်ဘဲ နောက်ထပ် ကိုယ်ဝန်ဆောင်ရတာကြောင့်ရယ်၊ ဒါမှမဟုတ် မရည်ရွယ်ဘဲ ရလာတဲ့ ကိုယ်ဝန် ပြဿနာတွေနဲ့ ဆက်စပ်နေတဲ့ မီးမဖွားခင် သေချာ ဂရုမစိုက်နိုင်တာတို့ ဘာတို့ကြောင့် ဖြစ်ရတာပါ။ အကြံပေးရရင်တော့ ကလေးမွေးဖွားအပြီး မိမိနဲ့သင့်တော်မယ့် သားဆက်ခြားနည်းတွေ အသုံးပြုတာ၊ အမျိုးသား အဖော်နဲ့ အကာအကွယ်မပါပဲ လိင်ဆက်ဆံတာတွေကနေ ရှောင်ကြဉ်သင့်တယ်လို့ပဲ ပြောရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Ref: BBC News “Pregnancy gap should be at least a year”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top