အိမ်နီးနားချင်းတွေအတွက် အိမ်အပြင်မှာ ပန်းသီးတွေ အလကားချပေးခဲ့တဲ့ သူနာပြု ဒဏ်ရိုက်ခံရ

26-8-2020-yyl-010.jpg

တစ်ခါတလေကျရင် ကိုယ်က စေတနာနဲ့လုပ်လိုက်တဲ့အရာက ကောင်းကျိုးမဖြစ်ဘဲ ဝေဒနာဖြစ်သွားတတ်ပါတယ်။ လန်ဒန်မြို့က သူနာပြုတစ်ဦးဆိုရင်လည်း အိမ်နီးနားချင်းတွေစားလို့ရအောင် သူ့ရဲ့အိမ်အပြင်ဘက်မှာ ပန်းသီးတွေ အလကားချပေးထားပေးမယ့်လည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ပြည်တွင်းကောင်စီက သူ့ရဲ့လုပ်ရက်ဟာ ပန်းသီးတွေကို လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ ပစ်ထားသလိုဖြစ်တဲ့အတွက် ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

သူနာပြု လင်ဒီယာ ဖာရယ်လ် (Lydia Farrell) က စက္ကူပုံထဲ ပန်းသီးတွေထည့်ပြီး လတ်ဆတ်တဲ့ပန်းသီးတွေကို သူ့အိမ်ရှေ့ဖြတ်သွားတဲ့သူတွေ အလကားစားလို့ရတယ်ဆိုတဲ့ စာသားနဲ့ သူ့ရဲ့အိမ်အပြင်ဘက်မှာ ချပေးထားပါတယ်။ ပန်းသီးတွေက လင်ဒီယာရဲ့ဥယျာဉ်ထဲက ဖြစ်ပြီး ဒီအတိုင်းလေလွင့်မဖြစ်သွားအောင် အခုလိုလုပ်ခဲ့တာပါ။


လန်ဒန်အနောက်ပိုင်းက Ealing Council ဆီက ဒဏ်ရိုက်တဲ့သတိပေးစာကို လက်ခံရရှိတော့ လင်ဒီယာ ထိတ်လန့်သွားခဲ့ရပါတယ်။ ပေါင် (၁၅၀) မပေးခဲ့ရင် တရားရုံးထိရောက်နိုင်တယ်လို့တောင် သတိပေးခံခဲ့ရပါတယ်။ “ကျွန်မ အားတောင်မရှိတော့ပါဘူး။ ကျွန်မရဲ့အိမ်အပြင်ဘက်မှာ ကတ်ထူဗူးနဲ့ ပန်းသီးတွေကို အလကားချထားတဲ့အတွက် လမ်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ချထားတယ်ဆိုပြီး ကောင်စီက ပေါင် ၁၅၀ ဒဏ်ရိုက်ခဲ့တယ်။ ကောင်းတာလုပ်ခဲ့ပေမယ့် မှားသွားခဲ့တယ်”လို့ပြောပြီး ဖေ့စ်ဘွတ်ခ်မှာ ပို့စ်တင်ခဲ့ပါသေးတယ်။

လင်ဒီယာရဲ့ပို့စ်မှာ အသုံးပြုသူတစ်ဦးက “ဒါက တကယ်ကို ကောင်းတဲ့ကုသိုလ်ပါပဲ။ အစားအစာလိုအပ်နေတဲ့ အိမ်ရာမဲ့လူတွေ၊ ဆာလောင်မွတ်သိပ်နေတဲ့ ကလေးတွေ၊ ငွေကြေးအခက်အခဲဖြစ်နေတဲ့သူတွေ အများကြီးပါပဲ။ အခြားသူတွေကို အစားအစာ အလကားပေးကမ်းတာက တကယ်ကောင်းပါတယ်။ သူတို့ ဘာလို့ ဒဏ်ရိုက်လဲဆိုတာ နားမလည်နိုင်ဘူး”လို့ ပြောပါတယ်။ လင်ဒီယာကလည်း “ကျွန်မ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ကျွန်မ ရက်အနည်းငယ် အိမ်မှာမရှိတဲ့အချိန်မှာ ဒဏ်ရိုက်တဲ့သတိပေးစာ ရောက်ခဲ့တဲ့အပြင် ကျွန်မရဲ့ဥယျာဉ်ထဲ တစ်စုံတစ်ယောက်ဝင်ပြီး ကျွန်မရဲ့ခြံကိုလည်း ဖျက်စီးသွားခဲ့ပါတယ်။ ပြစ်မှုနှစ်ခုက အခြားသူတွေက ကျူးလွန်ခဲ့တာပါ။ ကျွန်မက ဒဏ်ရိုက်ခံရတဲ့ တစ်ယောက်တည်းသောသူပါ။ ကျွန်မ ကောင်းမှုကုသိုလ်လုပ်ခဲ့ပေမယ့် ကောင်စီက ဒဏ်ရိုက်ခဲ့တဲ့အတွက် အတော်လေးဝမ်းနည်းမိပါတယ်”လို့ ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ လင်ဒီယာ ပို့စ်တင်ပြီးကတည်းက ဒဏ်ရိုက်တာကို ကောင်စီက ပြန်ရုပ်သိမ်းပေးခဲ့ပြီး လင်ဒီယာကို တောင်းပန်ခဲ့ပါတယ်။ “ကျွန်မ ဒဏ်ငွေ ပေးဆောင်စရာမလိုတော့ပါဘူး။ ကျွန်မရဲ့ပန်းသီးတွေကို ဆက်ပြီး ပေးဝေသွားမှာပါ။ ကျွန်မရဲ့ခြံကိုလည်း သူတို့တွေ နောက်တစ်ခေါက်ကျရင် ပြင်ပေးမှာပါ။ အားပေးခဲ့ကြတဲ့၊ အကောင်းပြောပေးကြတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ကျွန်မရဲ့ဥယျာဉ်ထဲမှာ ပင်မှည့်သီးတွေလည်းကြီးလာနေပါပြီ”လို့ လင်ဒီယာက ပြောပါတယ်။

ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း လင်ဒီယာရဲ့လုပ်ရပ်က ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်တဲ့အတွက် ဒဏ်ရိုက်တာကို ရုပ်သိမ်းခဲ့ကြောင်း၊ အခုလိုအဆင်မပြေ ဖြစ်ခဲ့တာတွေအတွက် တောင်းပန်ကြောင်း ဆိုပါတယ်။

Ref: Ladbible “Nurse Fined £150 For Leaving Free Apples Outside Her House For Neighbours”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top