စူပါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မယ့်အတွက် သန်းချီတဲ့လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းပေး

19-5-2020-yyl-032.jpg

ဘင်္ဂလားပင်လယ်အော်မှာ ဗဟိုပြုပြီး ချဉ်းကပ်လာတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(Amphan)မဝင်ရောက်ခင် အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူ သန်းချီကို ဘေးကင်းရာ ရွှေ့ပြောင်းပေးနေပါတယ်။ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ ဒီနေ့( မေလ ၂၀ ရက်) နှောင်းပိုင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်နား ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကယ်ဆယ်ရေးအဖွဲ့ ၂၀ ကျော် စေလွှတ်ထားပြီး နောက်ထပ်အဖွဲ့ တော်တော်များများ စေလွှတ်ဖို့ အသင့်ပြင်ထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် မုန်တိုင်းလမ်းကြောင်းပေါ် ရှိနေသူတွေကို ရွှေ့ပြောင်းပေးရာမှာ အခက်အခဲကြုံတွေ့နေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ တစ်နာရီ ၁၁၅ မိုင်နှုန်းအထိ လေပြင်းတိုက်ခတ်ဖွယ်ရှိတယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ ၂၀၀၇ ခုနှစ်က လူ ၃၅၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဆီဒါ(Sidr) နောက်ပိုင်း အင်အားအပြင်းဆုံး မုန်တိုင်းဖြစ်လာမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရာရှိတွေက စိုးရိမ်ပူပန်နေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဆီဒါ တိုက်ခတ်ခဲ့တုန်းကသေဆုံးသူအများစုဟာ ပင်လယ်လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့လို့ သေဆုံးရတာပါ။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ လက်ရှိလေတိုက်နှုန်းဟာ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အနည်းငယ်အားပျော့သွားဖွယ်ရှိပေမဲ့ လှိုင်းအမြင့် ၁၀ ပေကနေ ၁၆ ပေအထိ ရှိနိုင်တယ်လို့ အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top