အူရီဒူးမြန်မာမှ ရခိုင်ပြည်နယ်ရှိ မိဘပြည်သူများအတွက် ဆိုင်ကလုန်းမိုခါဒဏ်မှ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများ ဆက်လက်ပံ့ပိုးပေးလျက်ရှိ

28.8.23-yyl-21.jpg

အူရီဒူးမြန်မာမှ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကာလတွင်လည်း ပြည်သူများကို ဆက်လက်ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးအပ်လျက်ရှိသည်။

အူရီဒူးမြန်မာမှ ဒုတိယအကြိမ်အနေဖြင့် ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု ၂,၀၀၀ စာအတွက် ငွေကျပ်သိန်းပေါင်း ၁,၄၀၀ ကျော် တန်ဖိုးရှိ အဓိကလိုအပ်နေသော ဆန်အိတ် ၂,၀၀၀ (၅ ကီလိုဂရမ်)၊ ဆီပုလင်း ၂,၀၀၀ (၁.၈ လီတာ) စသည့် အခြေခံစားသောက်ကုန်များ အပါအဝင် ဆိုလာမီးသီး ၂,၀၀၀ (၁၅၀ ဝပ်) နှင့် အိမ်အမိုးအကာများ (တာပေါ်လင်စများနှင့် သွပ်မိုးများ) ကို ပံ့ပိုးလှူဒါန်းခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးစအချိန်တွင်လည်း အူရီဒူးမြန်မာသည် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ကြုံတွေခဲ့ရသည့်ပြည်သူများအတွက် လိုအပ်နေသော အခြေခံစားသောက်ကုန်များနှင့် ဓာတ်ဆားရည်များကို အမြန်ဆုံးပေးပို့လှူဒါန်းခဲ့ပါသည်။ အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာ အကူအညီများပေးအပ်နိုင်ရန် အူရီဒူးမြန်မာသည် ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် ရွှေရောင်မေတ္တာပရဟိတဖောင်ဒေးရှင်းနှင့်ပူးပေါင်း၍ ကနဦးအနေဖြင့် စစ်တွေနှင့် ရသေ့တောင်မြို့နယ်များရှိ အိမ်ထောင်စု ၁,၅၀၀ တို့အတွက် လိုအပ်သည့် အခြေခံ စားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့သည်။

“အူရီဒူးအနေနဲ့ ခက်ခဲတဲ့ကာလမှာ ရခိုင်ပြည်နယ်က မိဘပြည်သူတွေနဲ့အတူရှိနေပြီး သူတို့ရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေအတွက် လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးအပ်လျက်ရှိပါတယ်။ ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုအနေနဲ့ အရေးပေါ်အကူအညီတွေ လိုအပ်တဲ့ကာလမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မပြတ်သွားဖို့အရေးကြီးတာကြောင့် ဆက်သွယ်ရေးကွန်ရက်တွေ အမြန်ဆုံးပြန်လည်ရရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်တွေ၊ SMS စာတိုပေးပို့မှုတွေနဲ့ အင်တာနက် ဒေတာအစီအစဉ်တွေကို မုန်တိုင်းစတင်ဝင်ရောက်ခဲ့စဉ်ကစလို့ မေလကုန်အထိ ပေးအပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှ မိဘပြည်သူတွေအတွက် အရေးတကြီးလိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေကိုလည်း နှစ်ကြိမ်တိုင်ပို့ဆောင်ခဲ့ပြီးဖြစ်ပြီး အိမ်ထောင်စု ၃,၅၀၀ စာ ကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ကျွန်တော်တို့အနေနဲ့ ရခိုင်ပြည်နယ်အတွင်း သုံးသလောက်ပေးနှုန်းထားဖြင့် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှုတွေနဲ့ ဒေတာအသုံးပြုမှု အားလုံးအတွက် ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိ ၅၀% လျှော့ပေးခြင်းဖြင့် မုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူ့အဖွဲ့အစည်းတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ပေါ့ပါးသက်သာသွားစေဖို့ ဆက်လက်ကူညီပေးလျက်ရှိပါတယ်။” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းသို့ မုန်တိုင်းစတင်ဝင်ရောက်ခဲ့သည့်အချိန်မှစ၍ အူရီဒူးက ရခိုင်ပြည်နယ်ရှိ မိဘပြည်သူများအားလုံးအတွက် အူရီဒူးဖုန်း အချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ SMS စာတိုပေးပို့ခွင့်နှင့် အင်တာနက်ဒေတာ အစီအစဥ်များဖြင့် ကူညီခဲ့ပြီး ၎င်းပံ့ပိုးမှုကို မေလ (၃၁) ရက်နေ့အထိ သက်တမ်းတိုးခဲ့သည်။ ထို့အပြင် အူရီဒူးမြန်မာမှ ‌ဒေသခံရဟိတအဖွဲ့အစည်းကို ဖုန်းဆင်းမ်ကတ်များ လှူဒါန်းခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ပံ့ပိုးပေးခဲ့သည်။

အူရီဒူးမြန်မာမှ ဆက်လက်ပြီး ရခိုင်ပြည်နယ်ရှိမိဘပြည်သူများအတွက် ၂၀၂၃ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့အထိ အူရီဒူး အချင်းချင်းဖုန်းခေါ်ဆိုမှုများနှင့် ဒေတာအသုံးပြုမှုအားလုံးကို သုံးသ‌လောက်ပေးနှုန်းထားဖြင့် အသုံးပြုပါက ၅၀% အထိ လျှော့စျေးပေးကာ ဆက်လက်ပံ့ပိုးပေးလျက်ရှိပါသည်။ ဤအစီအစဉ်အရ ရခိုင်ပြည်နယ်ရှိ အူရီဒူး သုံးစွဲသူတိုင်းအနေဖြင့် *7117# သို့ခေါ်ဆို၍ လျှော့စျေးရယူနိုင်ပြီဖြစ်ပါသည်။

အူရီဒူးမြန်မာအနေဖြင့် လိုအပ်သည့်နေရာများတွင် ရေရှည်အတွက်အကျိုးရှိစေမည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ပံ့ပိုးလုပ်‌ဆောင်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top