ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအသောက်တွေကို ချို့တဲ့တဲ့ကလေးတွေဆီ ရေခဲမုန့်ကားလေးနဲ့ ပို့ဆောင်ကာ အခမဲ့ကျွေးမွေးနေတဲ့ မိသားစု

9-19-2022-yyl-68.jpg

ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအသောက်တွေကို ချို့တဲ့တဲ့ကလေးတွေဆီ ရေခဲမုန့်ကားလေးနဲ့ ပို့ဆောင်ကာ အခမဲ့ကျွေးမွေးနေတဲ့ မိသားစု

ကာယဆရာ ဂျေဆင် ဝက်ဆန်ဆိုသူက သူ့ရဲ့မူလတန်းကျောင်းက ချို့တဲ့တဲ့ ကျောင်းသား/သူတွေဟာ အိမ်မှာဆိုရင် ဆာလောင်နေကြရတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတို့အတွက် တစ်ခုခုလုပ်ပေးချင်စိတ်ပေါ်လာခဲ့ပါတယ်။ အဲဒါကြောင့် ဂျေဆင်နဲ့ သူ့ဇနီးဖြစ်သူ အန်နီ (ကျောင်းစာကြည့်တိုက်မှူး)တို့က ရေခဲမုန့်ကားဟောင်းတစ်စီးဝယ်ခဲ့တယ်။ ပြီးတော့ အဲဒီကားနဲ့ အိမ်ချက်ပူပူနွေးနွေးအစားအစာတွေ၊ ရေခဲမုန့်တွေကို သူတို့မြို့က ချို့တဲ့တဲ့ ကလေးတွေဆီ ပို့ဆောင်ကာ အခမဲ့ကျွေးမွေးဖြစ်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နွေရာသီကာလတွေအတွင်း သူတို့ဇနီးမောင်နှံက သူတို့ရဲ့ကလေး (၃) ယောက်ရဲ့အကူအညီနဲ့ ကလေး (၁၅၀၀) ကျော်ဆီ အစားအစာတွေ ပို့ဆောင်ကာ အခမဲ့ကျွေးမွေးပြီးခဲ့ပါပြီ။ ကလေးတွေဟာ ဂျေဆင်တို့မိသားစုရဲ့ရေခဲမုန့်ကားက ဂီတအသံကို ကြားတာနဲ့ ပြေးလာကြတာပါ။ ပြေးလာနေကြတဲ့ ကလေးတွေရဲ့မျက်နှာကို မြင်ရတာထက် ဘယ်အရာကမှ ပိုမကောင်းနိုင်ဘူးလို့ အန်နီက ဆိုပါတယ်။

ဂျေဆင်တို့က ကလေးတွေအတွက် နေ့လည်စာအခမဲ့ပါဝင်တဲ့သင်ရိုးညွှန်းတမ်းအစီအစဉ် AIM Outreach စတင်ခဲ့တဲ့အချိန် ၂၀၁၆ ခုနှစ်မှာ စလုပ်ဖြစ်ခဲ့တာပါ။ ကပ်ရောဂါဖြစ်ပွားတဲ့အချိန်မှာ AIM Outreach အစီအစဉ်က ရပ်နားထားခဲ့ရပါတယ်။ ဒါကြောင့် တစ်နေ့တော့ ဂျေဆင်က ဒေသတွင်းရေခဲမုန့်ကားပိုင်ရှင်ကို သူတို့မိသားစု အစားအစာတွေပို့ဆောင်ဖို့အတွက် မောင်းပို့ပေးနိုင်မလားလို့ မေးခဲ့ပါတယ်။

ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအသောက်တွေကို ချို့တဲ့တဲ့ကလေးတွေဆီ ရေခဲမုန့်ကားလေးနဲ့ ပို့ဆောင်ကာ အခမဲ့ကျွေးမွေးနေတဲ့ မိသားစု

သူကလည်း ဂျေဆင်တို့ လုပ်နေတဲ့အရာကို သဘောကျသွားခဲ့ပြီး သူတို့ကို သူ့ရဲ့ရေခဲမုန့်ကားတွေထဲက တစ်စီးပေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျေဆင်တို့က ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ အဲဒီကားကို ဝယ်ယူခဲ့ပြီး အဲဒီကတည်းက ချို့တဲ့တဲ့ကလေးအတွက် ကြိုးစားလုပ်ဖြစ်ခဲ့ပါတယ်။ ဂျေဆင်တို့မိသားစုက အစားအသောက်တွေအားလုံးကို သူတို့ကိုယ်တိုင် ချက်ပြုတ်ပါတယ်။ သူတို့ ဘယ်နေ့၊ ဘယ်အချိန်မှာ ပို့ဆောင်ပေးမယ်ဆိုတာကို ဖေ့စ်ဘွတ်ခ်မှာပို့စ်တင်ပြီး အသိပေးပါတယ်။ နွေရာသီရောက်တာနဲ့ သူတို့က တစ်ပတ်ကို ထမင်းဘူး (၇၀) လောက် ကျွေးဖြစ်ပါတယ်။

ဂျေဆင်တို့ရဲ့ရေခဲမုန့်ကားက ဂီယာနဲ့အင်ဂျင်အသစ်တွေ လိုအပ်လာတာကြောင့် ရန်ပုံငွေရှာဖို့အတွက် GoFundMe ကို ထောင်ခဲ့ပြီး ရန်ပုံငွေ ဒေါ်လာ ၁၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။ ဩဂုတ်လက သူတို့မိသားစုဟာ GoFundMe ရဲ့သူရဲကောင်းတွေထဲက သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဂျေဆင်တို့ရဲ့အိပ်မက်ကတော့ လူတွေ ထိုင်ပြီး စားလို့ရမယ့် အခမဲ့ကဖေးဆိုင်တစ်ခု ဖွင့်ဖို့ပါပဲ။

Ref: People “Meals on Wheels! Ohio Family Delivers Free Food to Kids in Need — from a Refurbished Ice Cream Truck”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top