ရေသန့်ဘူးရောင်းရတဲ့ ဘဝကနေ ဥရောပရဲ့ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာသူ အိုဆီမန်

22.2.2023-image-3.jpg

သူ့ငယ်ငယ်လေးကတည်းက သူ့အမေ ဆုံးသွားတယ်။ သူ့အမေ ဆုံးပြီး နောက် ၃ လကြာတော့ သူ့အဖေ အလုပ်ပြုတ်တယ်။ စားဝတ်နေရေးအတွက် သူတို့ မောင်နှမတွေ ရုန်းကန်ခဲ့ရတာပေါ့။ သူ့အစ်ကိုက အားကစားစာစောင် ရောင်းတယ်။ သူ့အစ်မက လိမ္မော်သီးရောင်းတယ်။

သူက မီးပွိုင့်မှာ ရေသန့်ဘူး လိုက်ရောင်းတယ်။ ညနေ အိမ်ပြန်ရောက်ရင် ရလာသမျှ ပိုက်ဆံတွေကို အစ်မကြီးဆီ အပ်တော့မှ စားဖို့သောက်ဖို့ ဝယ်ခြမ်းချက်ပြုတ်ရတဲ့ဘဝ။ သောကြာ၊ တနင်္ဂနွေလို နေ့မျိုးတွေဆို အမှိုက်ပုံကြီးဆီသွားပြီး ဖိနပ်လိုက်ကောက်တယ်။ သူငယ်ချင်းတွေနဲ့ ဖိနပ်လုကောက်ရတာ အကြိတ်အနယ် ဂိမ်းကစားပွဲ တစ်ခုလိုပဲတဲ့။ အမှိုက်ပုံက ကောက်လာတဲ့ ဖိနပ်တွေဆိုတော့ ဘယ်တစ်ရံနဲ့ ညာတစ်ရံက အမျိုးအစား မတူဘူး။

သူ့ရဲ့ ငယ်ဘဝ ဟီးရိုးက အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာ။ ဘောလုံးဟာ သူ့ဘဝရဲ့ ထွက်ပေါက်။ ဒီလိုနဲ့ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့က Ultimate Strikers အကယ်ဒမီမှာ ဘောလုံးပညာသင်ကြားရင်း ၁၉ နှစ်အရွယ်မှာ ဘွန်ဒက်စ်လီဂါကလပ် ဝုဖ်ဘတ်ကို ရောက်တယ်။ ဒါပေမဲ့ ဘယ်လ်ဂျီယံကလပ် ချာလီရွိုင်ကို အငှားသွားကစားရင်း အပြီးသတ် ပြောင်းသွားတယ်။ အဲဒီကနေ လိုင်လီကို ရောက်၊ ခြေစွမ်းပြနိုင်လို့ နာပိုလီရဲ့ ခေါ်ယူခြင်း ခံခဲ့ရတယ်။

နာပိုလီသမိုင်းမှာ စီးရီးအေပွဲစဉ် ၇ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား (တစ်ပွဲနိုင် ၃ မှတ်ပေးတဲ့ ခေတ်မှာ)အဖြစ် စံချိန်တင်ထားတယ်။ လက်ရှိစီးရီးအေမှာ ခြေစွမ်းအပြနိုင်ဆုံး တိုက်စစ်မှူးပဲ။ နာပိုလီက အနီးဆုံးပြိုင်ဘက် အင်တာမီလန်ကို ၁၅ မှတ် ဖြတ်ထားတယ်။ နာပိုလီရဲ့ ၃၃ နှစ်ကြာ ဝေးကွာနေတဲ့ စီးရီးအေဖလားအိပ်မက်ကို အိုဆီမန်က ထုဆစ်အကောင်အထည်ဖော်ပေးနိုင်မလား။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top