အိန္ဒိယနိုင်ငံမှာ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူတွေ စတင်တွေ့ရှိ

2.12.2021yyl9.jpg

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်က အမျိုးသား ၂ ယောက်ဟာ ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့ ၂ ယောက်ထဲမှာ တစ်ယောက်က တောင်အာဖရိကကို ခရီးသွားခဲ့တဲ့ မှတ်တမ်းရှိပြီး နောက်တစ်ယောက်ကတော့ ခရီးသွားမှတ်တမ်း မရှိတဲ့ ၄၆ နှစ်အရွယ် ဆရာဝန်တစ်ဦး ဖြစ်ပါတယ်။

ဒါဟာ အိန္ဒိယနိုင်ငံမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရမှုတွေ ပထမဆုံး တွေ့ရှိမှု ဖြစ်ပါတယ်။ အိုမီခရွန် ကူးစက်ခံထားရတဲ့ လူနာ ၂ ဦးလုံး ရောဂါလက္ခဏာ ပျော့ပျော့ပဲ တွေ့ရတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

သူတို့နဲ့ ထိတွေ့ခဲ့သူအားလုံးကို ခြေရာခံရှာဖွေပြီး စစ်ဆေးမှု လုပ်ထားပါတယ်။ ၄၆ နှစ်သား ဆရာဝန်နဲ့ ထိတွေ့ခဲ့သူ ၅ ယောက်ကတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့ကို သီးသန့်ခွဲခြားထားပြီး သူတို့ရဲ့ ရောဂါပိုးနမူနာကို မျိုးဗီဇခွဲခြားစစ်ဆေးမယ့်ဌာနထံ ပို့ထားပါတယ်။

ဒေလီမြို့က လူနာ ၆ ဦး၊ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်က လူနာ ၆ ဦးရဲ့ ရောဂါပိုးနမူနာတွေကိုလည်း မျိုးဗီဇ စစ်ဆေးဖို့ ပို့ထားပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယနိုင်ငံက ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ နိုင်ငံတွေဆီကနေ ရောက်ရှိလာတဲ့ နိုင်ငံတကာခရီးသည်တွေအတွက် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုသစ်တွေ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ နိုင်ငံတွေစာရင်းမှာ ဗြိတိန်၊ တောင်အာဖရိက၊ နယူးဇီလန်၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်မြို့နဲ့ အစ္စရေးနိုင်ငံတို့ ပါဝင်နေပါတယ်။

ပြည်နယ်အသီးသီးက ခရီးသည်တွေအတွက် စည်းမျဉ်းအသီးသီး ထုတ်ပြန်ထားပြီး မဟာရက်ရှ်ထရာပြည်နယ်မှာတော့ ရောဂါကူးစက်နိုင်ခြေ မြင့်မားတဲ့ နိုင်ငံတွေကနေ ရောက်လာတဲ့ ခရီးသည်အားလုံး ၇ ရက်ကြာ ကွာရန်တင်းဝင်ဖို့ သတ်မှတ်ထားပါတယ်။

Ref: BBC “Omicron: India reports first cases of new Covid variant “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top