ပြတ်လိုက်၊ ဆက်လိုက် အချစ်ရေးက စိတ်ကျန်းမာရေးကို ထိခိုက်စေနိင်

40187760_256480605202470_4834224547664232448_n.jpg

ဟူး … ဒီပြတ်လိုက်၊ ဆက်လိုက် သံသရာကြီး (သို့) အလေ့အထကြီးက ခုခေတ်စုံတွဲတွေအတွက်တော့ သိပ်ထူးဆန်းတဲ့ အရာတော့ မဟုတ်တော့ပါဘူး။

ဘာပယောဂမှမပါဘဲ ရိုးရိုးတွေးမယ်ဆိုရင်တော့

ပြတ်မယ်လို့ အကြိမ်ကြိမ် ဆုံးဖြတ်ပြီးကြကာမှ ပြန်တွဲကြတယ်ဆိုတာက ဒီအချစ်ရေးကိုနှစ်ဦးလုံးက တန်ဖိုးထားလို့ဆိုတာ ဖွင့်မပြောဘဲလည်း အားလုံးသိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်၊ ပြတ်လိုက်၊ ဆက်လိုက် အတွဲတွေက အားကျစရာကောင်းတယ်။ ခေတ်စကားနဲ့ဆို ရိုတယ်လို့ထင်ရပေမဲ့ ဒီလိုခဏခဏဖြစ်ခြင်းဟာ တစ်စုံတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကိုတော့ ထိခိုက်စေလာနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုက ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံ (Columbia)၊ Missouri တက္ကသိုလ်က လက်တလောချစ်သူရည်စားရှိနေကြတဲ့ လူပေါင်း (၅၀၀) ကျော်ကို လေ့လာချက်ပြုလုပ်ခဲ့တဲ့အခါမှာတော့ ၎င်းတို့ထဲမှ (၆၀) ရာခိုင်းနှုန်းလောက်ဟာ ပြတ်လိုက်၊ ဆက်လိုက် အချစ်ရေးထဲမှာ လည်နေကြရတယ်လို့ ဆိုပါတယ်။ သနားစရာ…။

အခုလို ပြတ်လိုက်၊ ဆက်လိုက် ဖြစ်နေကြရတဲ့အကြောင်းရင်းကို တည်တည်ငြိမ်ငြိမ်ဖြစ်နေကြတဲ့ အတွဲနေနဲ့ယှဉ်ပြီး ရှာကြည့်တဲ့အခါမှာတော့ ၎င်းတို့ရဲ့ ပြဿနာက တစ်ဦးအပေါ်တစ်ဦး စိတ်ပိုင်းဆိုင်ရာ စော်ကားတာတွေ၊ ပေးပြီးသားကတိကို တာဝန်မယူတတ်တာတွေနဲ့ နှစ်ယောက်သား ဆက်ဆံပြောဆိုကြတဲ့အချိန်တွေနည်းခြင်းကြောင့်လို့ ဆိုပါတယ်။

ဒီလိုမျိုး အဆင်မပြေတဲ့ဆက်ဆံရေးတွေဟာ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ကြောင့်ကြမှုတွေဆီကိုပါ တဖြည်းဖြည်း ဦးဆောင်သွားစေနိုင်တယ်လို့ ဆိုပါတယ်။

“ဒီလို ပြတ်လိုက်၊ ဆက်လိုက်အတွဲတွေကို လေ့လာကြည့်မယ်ဆို နှစ်ယောက်မှာ တစ်ယောက်က ပေးပြီးသားကတိကို တည်နိုင်စွမ်းအားနည်းနေတာကြောင့်ဖြစ်တယ်” လို့ ချိန်းဆိုတွေ့ဆုံမှုအကြံပေး ဂျိမ်း ပရီစီ (James Preece) ကဆိုပါတယ်။

ဆက်လက်ပြီး ၎င်းက “ဆက်ဆံရေးကို ပိုပြီးခိုင်မြဲစေချင်တဲ့၊ တန်ဖိုးထားတဲ့သူက ဆုံးရှူံးမှုတွေမဖြစ်ချင်တဲ့အတွက် ၎င်းလက်တွဲဖော်ရဲ့ အချိုးမပြေခြင်းတွေကို လျစ်လျူရှု၊ သည်းခံနေတတ်ကြတယ်” လို့ Independent ကို ပြောကြားထားပါသေးတယ်။

“အတောမသတ်နိုင်တဲ့ ငြင်းခုံခြင်းတွေနဲ့ သစ္စာမဲ့တဲ့လုပ်ရပ်တွေကြောင့် ဆက်ဆံရေးက လုံးဝပြတ်သွားနိုင်ပါတယ်။ ဆိုပေမဲ့ နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် ဆွဲထားကြတုန်းပါ” လို့ ၎င်းက ဆက်လက်ပြောပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ရဲ့လုပ်ရပ်ကြောင့် သင့်မှာ စိုးရိမ်စိတ်တွေ၊ မလုံခြုံမှုတွေခံစားလာရပြီဆို သင်နဲ့သူ့ရဲ့ကြားက ဆက်ဆံရေးကို လုံးဝအဆုံးသတ်လိုက်ဖို့ အကြံပြုထားပါတယ်။

“သင့်ကိုပျော်ရွှင်မှုမပေးနိုင်တဲ့ လူတစ်ယောက်နဲ့အတူအချိန်ဖြုန်းနေတာထက် သင့်ကျန်းမာရေးကပိုအရေးကြီးပါတယ်”

“ဒါဟာ စိတ်ပိုင်းဆိုင်ရာတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာကိုပါ နှိပ်စက်ရာရောက်နေပါတယ်။ နှစ်ယောက်အတူမရှိလို့လည်း မရပြန်ဘူး။ အတူရှိနေပြန်တော့လည်း ရင်နာနေရတယ်ဆို ဒီဆက်ဆံရေးက နှစ်ယောက်လုံးအတွက် လုံးဝ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဆက်ဆံရေးပါပဲ”

“ဒါကြောင့်မို့လို့ ပြတ်ပြီးပြန်မတွဲကြခင်မှာ တစ်ဘက်လူကို သေချာမေးပါ။ သင်ဘယ်လိုပုံစံမျိုး သွားချင်တယ်။ ဘယ်လိုဆက်ဆံရေးမျိုး တည်ဆောက်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြထားပါ။ ညှိယူထားပါ။ တောင်းဆိုထားပါ” လို့ အကြံပြုထားပါတယ်။

Ref : Newsrepublic “On-again, off-again relationships may be toxic for mental health, research claims”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top