သင့်ခန္ဓာကိုယ်မှာ တွေ့ရမယ့် ဗီတာမင်ချို့တဲ့ခြင်းရဲ့လက္ခဏာရပ်တွေ

15-11-2021yyl6.png

ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ဆိုရင် ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ အရေးကြီးပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးအခြေအနေကြောင့် အစားဆင်ခြင်စားသောက်ရတာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်ရပါမယ်။ ဗီတာမင်ချို့တဲ့တာကလည်း သင့်ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်ပြီး အမျိုးမျိုးသော လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စွမ်းအားနည်းစေပါတယ်။ ဗီတာမင်ချို့တဲ့တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရမလဲဆိုရင်

မျက်နှာမှာ ဝက်ခြံပေါက်တာနဲ့ အရေပြားခြောက်တာ

ဝက်ခြံနဲ့အရေပြားခြောက်တာတွေက ဟော်မုန်းအမျိုးမျိုးပြောင်းလဲတာရဲ့ရလဒ်တစ်ခုဖြစ်နိုင်ပါတယ်။ အညစ်အကြေးနဲ့ ပိုးမွှားတွေ စုပုံလာခြင်းရဲ့အကျိုးဆက်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့သောဗီတာမင်ဓာတ်တွေချို့တဲ့ရင်လည်း သင့်အရေပြားမှာ ပြောင်းလဲတွေဖြစ်လာနိုင်ပါတယ်။ ဗီတာမင်အေ၊ ဗီတာမင်အီးပမာဏမလုံလောက်တာက သင့်မျက်နှာမှာ ဝက်ခြံဖြစ်ပေါ်လာနိုင်ပြီး ဗီတာမင် B12 ချို့တဲ့မယ်ဆိုရင် အရင်ကထက် အရေပြားပိုခြောက်သွေ့လာနိုင်ပါတယ်။ အဲဒီလက္ခဏာတွေအပြင် အလွန်အမင်းပင်ပန်းနွမ်းလျတဲ့၊ စိတ်ခံစားချက်ပြောင်းလဲတဲ့ လက္ခဏာရပ်တွေကိုလည်း သတိပြုသင့်ပါတယ်။

မျက်လုံးမို့တာ၊ ဖောင်းတာ

ဓာတ်မတည့်မှုတစ်ခုက သင့်မျက်လုံးကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါပေမဲ့ သင် မနက်ခင်း အိပ်ရာနိုးထတိုင်း မကြာခဏ မျက်လုံးရောင်နေမယ်၊ မျက်လုံးဖောင်းနေမယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ အိုင်အိုဒင်းပမာဏနည်းပါးတယ်ဆိုတဲ့ လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ရောဂါနဲ့ အိုင်အိုဒင်းချို့တဲ့မှုက ဆက်စပ်မှုရှိပြီး ပင်ပန်းနွမ်းလျတာ၊ ကိုယ်အလေးချိန်တက်တာနဲ့ မျက်လုံးမို့တာ၊ ဖောင်းတာတွေ မကြာခဏဖြစ်လာနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။

သွားဖုံးသွေးထွက်တာ


ဗီတာမင်စီ ချို့တဲ့တာက ကျွန်တော်တို့ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ သတိပြုသင့်တဲ့လက္ခဏာရပ်တွေထဲက တစ်ခုက သွားဖုံးသွေးထွက်တာပါ။ အခြားလက္ခဏာရပ်တွေကတော့ ပွန်းပဲ့လွယ်တာ၊ သွေးထွက်တာ၊ အဆစ်အမြစ်၊ ကြွက်သားနာကျင်တာတွေဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်စီပမာဏတိုးလာဖို့အတွက် လိမ္မော်သီး၊ သံပရိုသီး၊ ဂရိုတ်ဖရုသီးလို အချဉ်ဓာတ်ပါတဲ့ အသီးတွေကို စားပေးသင့်ပါတယ်။

နှုတ်ခမ်းအရောင်ဖျော့တာ

နှုတ်ခမ်းဖြူဖတ်ဖတ်ဖြစ်တာက ရောဂါတော်တော်များများရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းဖြူဖတ်ဖတ်ဖြစ်တာက ခန္ဓာကိုယ်က သွေးနီဉပမာဏနည်းပါးတဲ့ သွေးအားနည်းရောဂါရဲ့လက္ခဏာရပ်တွေထဲကတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ သံဓာတ်ပမာဏနည်းတာကလည်း သွေးနီဉနည်းပါးစေနိုင်ပြီး ခန္ဓာကိုယ်က တစ်သျူးတွေဆီ အောက်စီဂျင်ပို့ဆောင်ဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒါကြောင့် အရေပြားနဲ့ နှုတ်ခမ်းအရောင်ဖြူဖတ်ဖတ်ဖြစ်လာစေနိုင်ပါတယ် အဲဒါအပြင် သံဓာတ်ချို့တဲ့တာကလည်း လူတစ်ယောက်ရဲ့ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။

ဆံသားခြောက်သွေ့ပျက်စီးတာ

သင့်မှာ ခြောက်သွေ့ပျက်စီးနေတဲ့ ဆံသားရှိတယ်ဆိုရင် သင့်ခန္ဓာကိုဘ်မှာ ဗီတာမင် B7 လို သိကြတဲ့ ဘိုင်အိုတင်ဓာတ်နည်းပါးတာဖြစ်နိုင်ပါတယ်။ ဘိုင်အိုတင်က သင့်ဆံသားကိုအာဟာဖြစ်စေတဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။ ဘိုင်အိုတင်ပမာဏနည်းပါးတာက ဆံသားမှာ ဗောက်ထတာ၊ ဆံသားခြောက်တာတွေဖြစ်လာစေနိုင်ပါတယ်။ လက်သည်းကျိုးပဲ့တာနဲ့ ဆံပင်ပါးတာတွေလည်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗီတာမင် B7 ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားသုံးပေးသင့်ပါတယ်။

Ref: 5 signs of Vitamin Deficiency on your face

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top