(၂) နှစ်အတွင်း ONE ကမ္ဘာ့ချန်ပီယံခါးပတ်ဆွတ်ခူးနိုင်ရန် တီရဲလ်ထန် ရည်မှန်းထား

Tialcungthang1.jpg

အာရှတိုက်၏အကြီးမားဆုံးသော ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONEChampionship ပြိုင်ပွဲ ပွဲဦးထွက်တွင် အနိုင်ရရှိခဲ့သူ တီရဲလ်ထန်၏ ရည်မှန်းချက်အိပ်မက်မှာ ကြီးမားလှသည်။

ချင်းတိုင်းရင်းသား တီရဲလ်ထန်သည် မြန်မာ့စပါးအုံး အောင်လအန်ဆန်၏ ဦးဆောင်လမ်းပြမှုဖြင့် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားဘဝကို ONE Championship ဖြင့် စတင်ခဲ့ရာ ပွဲဦးထွက်တွင် ကမ္ဘောဒီးယားကစားသမား Rin Saroth ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

“အနာဂတ် ကျွန်တော့်အိပ်မက်ကတော့ (၂) နှစ်အတွင်း ONE ကမ္ဘာ့ချန်ပီယံခါးပတ် ဆွတ်ခူးနိုင်ဖို့ပါပဲ။ ဒီအတွက်ကိုပဲ ရည်မှန်းပြီးကြိုးစားသွားမှာပါ” ဟု အသက် (၂၅) နှစ် အရွယ်ရှိ တီရဲလ်ထန်က ပြောကြားခဲ့သည်။

တီရဲလ်ထန်သည် ၂၀၁၆ ခုနှစ်တွင် အောင်လအန်ဆန်၏ လေ့ကျင့်ရေးစင်တာအဟောင်းကို စတင်ရောက်ရှိခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားတစ်ဦးဖြစ်ရေး အတွက် (၂) နှစ်ကြာ လေ့ကျင်မှုများပြုလုပ်ခဲ့ပြီးနောက် ONE Championship နှင့် လက်တွဲခဲ့သည်။

ပြီးခဲ့သည့် မတ်လ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE: Reign Of Valor ပြိုင်ပွဲသည် တီရဲလ်ထန်အတွက် ပထမဆုံးပွဲတစ်ပွဲ ဖြစ်ပြီး ၎င်းအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း အနည်းဆုံး (၄) ပွဲခန့် ယှဉ်ပြိုင်နိုင်ရန် ရည်မှန်းထားသည်။ ထို့အပြင် တီရဲလ်ထန်က ပွဲဦးထွက်တွင် စိတ်လှုပ်ရှားမှု များနေသောကြောင့် ထင်သလောက်လက်စွမ်းမပြနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်သည်။

“ပွဲဦးထွက်ဆိုတော့ စိတ်လှုပ်ရှားမှုတော့ရှိတယ်။ ဒီတော့ ထင်သလောက် လက်စွမ်းမပြနိုင်ခဲ့ဘုူး။ အတွေ့အကြုံမရှိသေးတာလည်းပါတာပေါ့။ နောက်လာမယ့်ပွဲတွေ ဒီထက်ပိုပြီး ကောင်းမွန်အောင် ကစားနိုင်ဖို့ ကြိုးစားသွားမှာပါ “ ဟု တီရဲလ်ထန်က ဆိုသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ချင်းတိုင်းရင်းသား တီရဲလ်ထန်သည် ၎င်း၏ ဆရာဖြစ်သူ မြန်မာ့ဂုဏ်ဆောင်အားကစားသမား အောင်လအန်ဆန်၏ ခြေရာကို အမီလိုက်နိုင်ရန်နှင့် ONE Championship နှင့်အတူ ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနည်းတွင် အောင်မြင်သောသူ တစ်ယောက်ဖြစ်လာရန် ရည်မှန်းထားသည်။

“ကျွန်တော်အနေနဲ့ ကျွန်တော့် ဆရာဖြစ်တဲ့ ကိုအောင်လအန်ဆန်ရဲ့ ခြေရာမီအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ နောက် (၂) နှစ်အတွင်းမှာ ONE Championship ရဲ့ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ဆွတ်ခူးနိုင်ဖို့လည်း ရည်မှန်းထားပါတယ်။ လွယ်ကူမှာမဟုတ်ပေမဲ့ အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု တီရဲလ်ထန်က ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်းကလည်း တပည့်အရင်းဖြစ်သူ တီရဲလ်ထန်၏ ပွဲဦးထွက် လက်စွမ်းကို ကျေနပ်ရလျက်ရှိပြီး ပွဲများများ ယှဉ်ပြိုင်ခွင့်ရရှိလာပါက အတွေ့အကြုံများပိုမိုရရှိလာကာ စွမ်းရည်ပိုမိုမြင့်မားလာလိမ့်မည်ဟု သုံးသပ်ထားသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top