အော်စကာဆု ၁၃ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ Oppenheimer ဇာတ်ကားကတော့ အော်စကာဆု ၇ ဆု ဆွတ်ခူးခဲ့ပြီး ဒီနှစ်ဆုပေးပွဲမှာ ဆုအများဆုံးရရှိတဲ့ ဇာတ်ကားဖြစ်ခဲ့ပါတယ်။ အဏုမြူဗုံးရဲ့ဖခင်လို့ တင်စားခံရသူ အမေရိကန်သိပ္ပံပညာရှင် ရောဘတ်အော်ပန်ဟိုင်းမားအကြောင်း ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး ရွှေကမ္ဘာလုံးဆုပေးပွဲမှာလည်း ဆု ၈ ဆု ရခဲ့တာပါ။

အော်ပန်ဟိုင်းမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား စီလီယံမာဖီက အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု၊ ခရစ္စတိုဖာနိုလန်က အကောင်းဆုံးဒါရိုက်တာဆု၊ ရောဘတ်ဒေါနေးဂျူနီယာက အကောင်းဆုံးဇာတ်ပို့ဆုတွေ ရခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံး တည်းဖြတ်ဆု၊ ဓာတ်ပုံဆု၊ နောက်ခံတေးဂီတဆုတွေ ဆွတ်ခူးခဲ့တာပါ။ ရောဘတ်ဒေါနေးဂျူနီယာအတွက် ပထမဆုံးအကြိမ် အော်စကာဆု ဆွတ်ခူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို Poor things ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမ်မာစတုန်းက ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်မင်းသမီး အမ်မာစတုန်းအတွက် ဒုတိယမြောက် အော်စကာဆု ရရှိမှုဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ရုံဝင်ကြေးအများဆုံးရရှိခဲ့တဲ့ Barbie ဇာတ်ကားကတော့ အကောင်းဆုံး ဇာတ်ဝင်တေး တစ်ဆုပဲ ရခဲ့ပါတယ်။ အဲဒီသီချင်းကို ဘီလီအီလစ်ရှ်နဲ့ သူ့အစ်ကို ဖင်နီယာတို့ ပေါင်းစပ်ရေးသားခဲ့တာဖြစ်ပြီး သူတို့မောင်နှမဟာ အော်စကာဆု ၂ ဆု ဆွတ်ခူးနိုင်သူတွေထဲမှာ အသက်အငယ်ဆုံးအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

Ref: Oppenheimer sweeps awards with best picture and actor wins
NZ ( ရိုးရာလေး)