ပွဲတက်ရောက်မယ့်သူတွေ ကိုဗစ်ရောဂါပိုးစစ်ဆေးချက်ပြသဖို့ လိုအပ်မယ့် အော်စကာဆုပေးပွဲ

17-2-2022-yyl16.jpg

မတ်လမှာ ကျင်းပမယ့် ၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲကို တက်ရောက်မယ့်သူတွေက ကိုဗစ်ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားနဲ့ အနည်းဆုံး PCR ဆေးစစ်ချက်ကနေ ကိုဗစ်ပိုးမရှိကြောင်းရလဒ် ၂ ခု ပြဖို့လိုအပ်တယ်လို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားသူတစ်ဦးက ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ရုပ်ရှင်နယ်ပယ်ရဲ့အမြင့်ဆုံးဆုတွေချီးမြှင့်တဲ့ဆုပေးပွဲအခမ်းအနားမှာ ဖျော်ဖြေတင်ဆက်မယ့်သူတွေနဲ့ အခမ်းအနားတင်ဆက်မယ့်သူတွေကလည်း ကိုဗစ်ပိုးစစ်ဆေးတဲ့ PCR စစ်ဆေးမှုကို ခံယူသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးနှံထားတဲ့အထောက်အထားပြဖို့ မလိုဘူးလို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

မတ်လ ၂၇ ရက်နေ့ အခမ်းအနားမှာ ပါးစပ်နဲ့နှာခေါင်းစည်းလိုအပ်မှုတွေက ​ခြားနားသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ဇာတ်ရုံရဲ့အောက်ဘက်မှာရှိတဲ့ ဆုဆန်ကာတင်စာရင်းဝင်သူတွေနဲ့ သူတို့ရဲ့ဧည့်သည်တွေက ပါးစပ်နဲ့နှာခေါင်းစည်းတပ်ဖို့ လိုအပ်မှာမဟုတ်ပါဘူး။ သူတို့တွေက လူတွေကြားမှာ ပုံမှန်ထက်ပိုပြီး အကွာအဝေးခြားပြီး ထိုင်ရမှာဖြစ်ပါတယ်။ ပွဲကျင်းပမယ့် The Dolby Theatre က လူ ၃၃၁၇ ဦး ဝင်ဆံ့ပြီး လူ ၂၅၀၀ ဦးပဲ ဖိတ်ကြားမှာဖြစ်ပါတယ်။

အပေါ်ထပ်မှာ ထိုင်မယ့်သူတွေက ပခုံးချင်းဆိုင်ထိုင်ရမှာဖြစ်တဲ့အတွက် ပါးစပ်နဲ့နှာခေါင်းစည်းတပ်ထားရမှာဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်ကောင်တီမှာ ကိုဗစ်ဖြစ်ပွားမှု ကျဆင်းနေပြီး ပွဲစီစဉ်သူတွေက အစိုးရနဲ့ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးနေကြပါတယ်။ ဟာသသရုပ်ဆောင်မင်းသမီး အေမီ ဆရူမာ (Amy Schumer)၊ မင်းသမီး ရီဂျီနာ ဟော့လ် (Regina Hall) နဲ့ ဟာသသရုပ်ဆောင်မင်းသမီး ဝမ်ဒါ ဆိုက်စ် (Wanda Sykes) တို့က အခမ်းအနားတင်ဆက်သူတွေအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အမျိုးသမီး ၃ ဦး အစီအစဥ်တင်ဆက်မှာကတော့ အော်စကာဆုပေးပွဲမှာ ပထမဆုံးပါပဲ။

Ref: Reuters “Oscars to require COVID tests for all, vaccines for most”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top