အိုမီခရွန်ထက် ကူးစက်မြန်ပြီး ရောဂါပိုပြင်းထန်တဲ့ BA.2 မျိုးစိတ်

17-2-2022-yyl14.jpg

အိုမီခရွန် ကိုဗစ်မျိုးကွဲရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ BA.2 ဗိုင်းရပ်စ်ဟာ အိုမီခရွန်ထက် ကူးစက်မြန်ရုံတင်မက ရောဂါလည်း ပိုပြင်းထန်စေတယ်လို့ သုတေသနသစ်တစ်ရပ်မှာ သုံးသပ်ထားပါတယ်။ ဂျပန်နိုင်ငံရဲ့ ဓာတ်ခွဲခန်းစမ်းသပ်ချက်သစ်အရ BA.2 မျိုးစိတ်ဟာ ဒယ်တာ အပါအဝင် အရင်မျိုးကွဲတွေလို ရောဂါပြင်းထန်စေပြီး ကာကွယ်ဆေးတွေရဲ့ အစွမ်းအာနိသင်ကို ကျော်လွှားကူးစက်နိုင်စွမ်း ရှိနေပါတယ်။ ဒါ့အပြင် အိုမီခရွန်ကို ကုသရာမှာ လက်ရှိအသုံးပြုနေတဲ့ ပဋိဆေးရည် sotrovimab အပါအဝင် ကုသနည်းတချို့လည်း မတိုးဘူးလို့ ဆိုပါတယ်။

BA.2 ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ မူလဗိုင်းရပ်စ်နဲ့ယှဉ်ရင် မျိုးဗီဇပိုင်း အများကြီးပြောင်းလဲသွားသလို အိုမီခရွန်မျိုးကွဲနဲ့ယှဉ်ရင် မျိုးဗီဇ ပြောင်းလဲမှု ဒါဇင်ပေါင်းများစွာ ရှိနေလို့ (မျိုးစိတ်တစ်ခုဆိုတာထက်) အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာတို့လို မျိုးကွဲတွေလောက်အထိ သိသာထင်ရှားပါတယ်။

အခု တွေ့ရှိမှုတွေကြောင့် BA.2 ကို အိုမီခရွန်ရဲ့ မျိုးစိတ်တစ်ခုအဖြစ် မသတ်မှတ်သင့်သေးဘဲ အနီးကပ်စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ တိုကျိုတက္ကသိုလ်ရဲ့ သုတေသီ ကိုင်ဆာတိုက ပြောပါတယ်။ ” ခင်ဗျားတို့သိတဲ့အတိုင်းပဲ BA.2 ကို ကိုယ်ပျောက်အိုမီခရွန်လို့ ခေါ်ကြတယ်လေ။ PCR စမ်းသပ်မှုလုပ်ရင် အိုမီခရွန်ကို ရှာတဲ့အတိုင်း S-gene ကို ပစ်မှတ်ထားပြီး ရှာရင် BA.2 က မပေါ်ဘူး။ ဒါကြောင့် ဓာတ်ခွဲခန်းတွေမှာ BA.2 ကို ရှာဖို့ နောက်ထပ်အဆင့်တွေ လုပ်ရတယ်။ BA.2 ကို သီးသန့်ခွဲခြားရှာဖွေနိုင်မယ့် နည်းလမ်းဖော်ထုတ်ရေးက နိုင်ငံတော်တော်များများ ဦးစားပေးလုပ်ရမယ့်ကိစ္စပဲ” လို့ ကင်ဆာတိုက ပြောပါတယ်။

BA.2 ဟာ အိုမီခရွန်နဲ့ယှဉ်ရင် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ ကူးစက်မှုပိုမြန်ပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၇၄ နိုင်ငံနဲ့ အမေရိကန်ပြည်နယ် ၄၇ ခုမှာ BA.2 ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို တွေ့ရှိထားပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေအနက် ၄ ရာခိုင်နှုန်းက BA.2 ကူးစက်ခံထားရတာလို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ခန့်မှန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ တရုတ်၊ ဒိန်းမတ်၊ ဂူအမ်၊ အိန္ဒိယ၊ မွန်တီနီဂရိုး၊ နီပေါ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင် အစရှိတဲ့ အနည်းဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ BA.2 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကူးစက်ရောဂါဆိုင်ရာ အပတ်စဉ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ ရောဂါပြင်းထန်မှုပိုင်းမှာတော့ ဒွိဟဖြစ်စရာ အထောက်အထားတွေ ရှိနေပါတယ်။ BA.2 ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ တောင်အာဖရိကနဲ့ ဗြိတိန်တို့လို နိုင်ငံမျိုးမှာ ဆေးရုံတက်ရတဲ့လူနာအရေအတွက် ဆက်တိုက်ကျဆင်းလာပေမဲ့ ဒိန်းမတ်နိုင်ငံမှာတော့ BA.2 ကြောင့် ရောဂါကူးစက်ခံရသူ၊ ဆေးရုံတက်ရသူ၊ သေဆုံးသူအရေအတွက် မြင့်တက်နေတယ်လို့ WHO က ပြောပါတယ်။

BA.2 ဟာ အိုမီခရွန်မျိုးရင်းဖြစ်တဲ့ BA.1 နဲ့ယှဉ်ရင် ဆဲလ်တွေထဲကို ပုံတူကူးဝင်ရောက်မှု ပိုမြန်ပြီး အလိုက်သင့်နေတတ်လို့ ဆဲလ်တွေကို ပေါင်းစည်းသွားစေပါတယ်။ ဆဲလ်တွေ ပေါင်းစည်းသွားတဲ့အခါ ဗိုင်းရပ်စ်တွေ ထပ်ပွားလာပြီး အဆုတ်ထိခိုက်ပျက်စီးမှု ပိုများစေပါတယ်။ သုတေသီတွေက ကြွက်တွေထဲကို BA.2 နဲ့ BA.1ထိုးသွင်းပေးပြီး စမ်းသပ်ရာမှာ BA.2 ထိုးသွင်းခံရတဲ့ကြွက်က ရောဂါဝေဒနာ ပိုခံစားရပြီး အဆုတ်ရဲ့လုပ်ဆောင်မှု ဆိုးဆိုးရွားရွား ကျဆင်းသွားတာ တွေ့ရပါတယ်။

BA.2 ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးထားသူတွေရဲ့ သွေးထဲက ပဋိပစ္စည်းတွေကို ထိုးဖောက်ကျော်လွှားနိုင်စွမ်းရှိသလို အရင်က ကိုဗစ်-၁၉ (အယ်လ်ဖာ၊ ဒယ်တာ အပါအဝင် အခြားမျိုးကွဲများ) ကူးစက်ခံရဖူးသူရဲ့ပဋိပစ္စည်းတွေကို တွန်းလှန်နိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ မကြာသေးခင် အိုမီခရွန် ကူးစက်မှုခံထားရသူရဲ့ သွေးထဲမှာရှိတဲ့ ပဋိပစ္စည်းကတော့ BA.2 ကို တားဆီးကာကွယ်ပေးနိုင်ဖွယ် ရှိပါတယ်။ အထူးသဖြင့် ကိုဗစ်ကူးစက်မှု ခံထားရပြီး ကာကွယ်ဆေးလည်း ထိုးထားမယ်ဆိုရင် ပိုပြီးကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။

ဗိုင်းရပ်စ်တွေက မျိုးဗီဇပြောင်းလဲသလို လူ့ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကလည်း တဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲနေလို့ ဗိုင်းရပ်စ်ထက် ရှေ့တစ်လှမ်းသာနေမယ်ဆိုရင် ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို အလွန်အမင်း စိုးရိမ်နေစရာ မလိုဘူးလို့ ဝါရှင်တန်တက္ကသိုလ် ဆေးကျောင်းရဲ့ ဗိုင်းရပ်စ်ဗေဒပညာရှင် ဒီဘိုရာဖူလာက ပြောပါတယ်။

Ref: CNN “As BA.2 subvariant of Omicron rises, lab studies point to signs of severity”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top