CANAL+နဲ့ Arkar Production တို့ပူးပေါင်းဖန်တီးထားတဲ့ လောကကြိုးဝိုင်း (Spirit of Fight) ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကျင်းပ

MG_9523.jpg

CANAL+ အခပေးရုပ်သံလိုင်း နဲ့ Arkar Production တို့ရဲ့ ပူးပေါင်းဖန်တီးတင်ဆက်မှု ရုပ်သံဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ “လောကကြိုးဝိုင်း – Spirit of Fight” အက်ရှင်ဒရမ်မာဇာတ်လမ်းတွဲ အထူးအကြိုပြသခြင်းအခမ်းအနားကို ဧပြီလ (၂၆) ရက်နေ့ (သောကြာနေ့) ည ၆း၃၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာ့ရိုးရာလက်ဝှေ့အပေါ်အခြေခံပြီး ဒါရိုက်တာနှင့်ဖန်တီးသူတို့ စိတ်ကူးပုံဖော်ရိုက်ကူးဖန်တီးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ နက်နဲတဲ့ပညာရပ်ဖြစ်တဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကို အခြေခံစိတ်ကူးပုံဖော်ရိုက်ကူးရာမှာ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ သရုပ်ဆောင်တွေအားလုံးတွေက လက်ဝှေ့နယ်ပယ်က အသိပညာရှင်၊ အတတ်ပညာရှင်တွေဖြစ်တဲ့ မြန်မာ့လက်ဝှေ့အဖွဲ့ချုပ်ဝင်တွေ၊ မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်းတွေ၊ မြန်မာ့လက်ဝှေ့အကျော်အမော်တွေနဲ့ တွေ့ဆုံတိုင်ပင်လေ့ကျင့်ခဲ့ကြပါတယ်။ ဒါ့အပြင် World Lethwei Championship – WLC လိုမျိုး လက်ဝှေ့ပွဲစီစဉ်သူအဖွဲ့အစည်းတွေရဲ့အကူအညီတွေနဲ့ အကောင်းဆုံး စိတ်ကူးပုံဖော်ဖန်တီးထားတဲ့ ဇာတ်လမ်းတွဲကြီးဖြစ်ပါတယ်။
လောကကြိုးဝိုင်း အက်ရှင်ဒရာမာဇာတ်လမ်းတွဲကို ဧပြီလ (၂၈) ရက် ည (၇) နာရီမှ စတင်ပြသခဲ့ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း CANAL+ ZatLenn ရုပ်သံလိုင်းမှာ အပိုင်းသစ်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းချုပ်နဲ့ ရည်ရွယ်ချက်

မြန်မာ့လက်ဝှေ့လောကမှာ ရှုံးပွဲမရှိထိုးသတ်နိုင်တာကြောင့် နာမည်ရလာတဲ့ တက်သစ်စလက်ဝှေ့ကစားသမားထွန်းထက် (ရဲနောင်) က ကျားသစ်နက်ကလပ်က အတော်ဆုံးလက်ဝှေ့သမားတွေထဲက တစ်ဦးဖြစ်တဲ့အပြင် ကလပ်ပိုင်ရှင်ဦးစစ်နိုင် (အကယ်ဒမီနေအောင်) အပါအဝင် အခြားကလပ်ပိုင်ရှင်အဖွဲ့ဝင်တွေ အားအထားရဆုံးလက်ဝှေ့သမားတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ထွန်းထက်ရဲ့ မန်နေဂျာဖြစ်သူအဂ္ဂ (ဆန်းထွဋ်) မှ ထွန်းထက်ယှဉ်ပြိုင်ရန်ပြိုင်ပွဲတွေရှာဖွေချိတ်ဆက်ရင်း ပွဲအရေအတွက်များအောင်လုပ်ပေးနေတာကို ကျားသစ်နက်ကလပ်ရဲ့ ဝါရင့်လက်ဝှေ့နည်းပြ ဖြစ်သူဦးမောင် (အကယ်ဒမီဇင်ဝိုင်း) က မနှစ်သက်ခဲ့ပါဘူး။ ဦးမောင်ရဲ့ ခံယူချက်က ပွဲစဉ်အရေအတွက်ထက် လေ့ကျင့်မှုပြည့်ပြည့်ဝဝ၊ နည်းစနစ်မှန်မှန်ကန်ကန်ဖြင့် ယှဉ်ပြိုင်အနိုင်ရသောပွဲစဉ်တွေက ထွန်းထက်အတွက် ရေရှည်အောင်မြင်မှုပေးနိုင်လိမ့်မယ်ဆိုတဲ့ ခံယူချက်ဖြစ်တာနဲ့အညီ ထွန်းထက်ကို သတိပေးစကားအမြဲပြောကြားနေသူဖြစ်ပါတယ်။ အဲဒီအချိန်မှာ အခြားလက်ဝှေ့ကလပ်က တက်သစ်စကစားသမားဖြစ်တဲ့ ရဲဟိန်း (ထွန်းနိုင်ဦး) မှထွန်းထက်ကို ကြိုးဝိုင်းထဲတွင်ရှုံးပွဲတွေ့စေမယ်လို့ စိန်ခေါ်လိုက်ပါတယ်။ အဲဒီစိန်ခေါ်ပွဲက လက်ဝှေ့လောကမှာ သတိထားမိပြီး စောင့်ကြည့်ရတဲ့ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေတဲ့ ထွန်းထက်နဲ့ ရည်ရွယ်ချက်ရှိရှိ ကနဦးစိန်ခေါ်ခဲ့တဲ့ ရဲဟိန်းတို့ရဲ့ ကစားပွဲရလဒ်ကို လောကကြိုးဝိုင်းဇာတ်လမ်းတွဲအပိုင်း (၁) မှာ ကြည့်ရှုခံစားရမှာဖြစ်သလို လက်ဝှေ့ကစားသမား (၂) ဦးရဲ့ စိတ်ဝင်စားစရာဘဝဇာတ်ကြောင်းတွေနဲ့ ဇာတ်လမ်းဇာတ်အိမ်တည်ဆောက်ရိုက်ကူးထားပုံကိုလည်း နောက်လာမယ့်အပိုင်းတွေမှာ ဆက်လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လောကကြိုးဝိုင်းဇာတ်လမ်းတွဲကို CANAL+ နဲ့ Arkar Production တို့ပူးပေါင်းဖန်တီးထုတ်လုပ်ရတဲ့ ရည်ရွယ်ချက်က မြန်မာ့ရိုးရာလက်ဝှေ့အားကစားကို အခြေခံကာစိတ်ဝင်စားဖွယ်ရာ ရုပ်သံစီးရီးတစ်ခုအဖြစ်ပုံဖော်ပြီး CANAL+ ပရိသတ်အတွက် တင်ဆက်ပြသလိုခြင်းဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ကတော့

မြန်မာ့လက်ဝှေ့လောကမှာ ရှုံးပွဲမရှိထိုးသတ်နိုင်တာကြောင့် နာမည်ရလာတဲ့ တက်သစ်စလက်ဝှေ့ကစားသမားထွန်းထက်အဖြစ်ရဲနောင်

ထွန်းထက်ရဲ့ ပြိုင်ဘက်တက်သစ်စလက်ဝှေ့ကစားသမားရဲဟိန်းအဖြစ် ထွန်းနိုင်ဦး

ကျားသစ်နက်ကလပ်က ဝါရင့်လက်ဝှေ့နည်းပြဦးမောင်အဖြစ် အကယ်ဒမီဇင်ဝိုင်း

ကျားသစ်နက်ကလပ်ပိုင်ရှင်ဦးစစ်နိုင်အဖြစ် အကယ်ဒမီနေအောင်

လက်ဝှေ့လောကက ဝါရင့်လက်ဝှေ့နည်းပြဦးကြည်အောင်အဖြစ် အကယ်ဒမီအောင်ခို်င်

ထွန်းထက်ရဲ့မန်နေဂျာအဂ္ဂအဖြစ် ဆန်းထွဋ်

ထွန်းထက်ရဲ့ချစ်သူနိုရာအဖြစ် မေမြတ်နိုး

ထွန်းထက်ရဲ့အမေအဖြစ် အကယ်ဒမီဝါဝါအောင်

ဆရာဝန်မလေးဆုလင်းအဖြစ် ယဉ်လတ်

သတင်းထောက်မလေးမေနိုင်းအဖြစ် သဲနန္ဒာစိုး

ရဲဟိန်းရဲ့အမျိုးသမီးအဖြစ် ယုနန္ဒာ အစရှိတဲ့ ဝါရင့်၊ တက်သစ်စသရုပ်ဆောင်တွေအပြင် မင်းသားချော ခါရာကလည်း အရေးပါတဲ့ဇာတ်ကောင်တစ်ယောက်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top