တိုက်တန်းနစ်သင်္ဘောရဲ့အကြွင်းအကျန်များ နောက်နှစ်ပေါင်းအနည်းငယ်တွင် အစပျောက်သွားနိုင်

24172.ngsversion.1421960993291.adapt_.1900.1.jpg

ဆောက်သမ်တန်ကနေ နယူးယောက်သို့သွားတဲ့ ခရီးစဉ်အတွင်း မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲ ၁၉၁၂ ဧပြီလ ၁၅ ရက်တွင် ရေခဲတောင်နဲ့တိုက်မိပြီး သမုဒ္ဒရာအောက်ထဲ မြုပ်သွားခဲ့တဲ့ တိုက်တန်းနစ်သင်္ဘောဟာ အခုချိန် ဘယ်လိုပုံစံဖြစ်နေပြီလဲဆိုတာ ဘယ်သူမှအတိအကျ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။

အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်တဲ့ ခရီးစဉ်အတွင်းမှာ ကံဆိုးစွာနဲ့ပဲ မြုပ်သွားခဲ့တဲ့ တိုက်တန်းသင်္ဘောရဲ့ သံကိုယ်ထည်အကြွင်းအကျန်တွေဟာ ဘတ်တီးရီးယားတစ်မျိုးကြောင့် နောက်နှစ်ပေါင်းအနည်းငယ်အကြာမှာပဲ လုံးဝအစပျောက်သွားနိုင်ဖွယ်ရှိပါတယ်။

တိုက်တန်းနစ်သင်္ဘောကို အမေရိကန် သမုဒ္ဒရာဗေဒပညာရှင်ဖြစ်တဲ့ ရောဘတ်ဘောလဒ် (Robert Ballard)ဟာ စစ်အေးခေတ်အတွင်းကမြုပ်သွားခဲ့တဲ့ အမေရိကန်ရေငုပ်သင်္ဘော ၂ စီးကို ရှာဖွေရင်း ၁၉၈၅ ခုနှစ်မှာ တွေ့ရှိခဲ့တာပါ။ ရှာတွေ့တဲ့အချိန်တုန်းက တိုက်တန်းနစ်သင်္ဘောဟာ ပင်လယ်ရေမျက်နှာပြင်အောက် ၃.၈ ကီလိုမီတာအောက် အလင်းရောင်နည်းပြီး ဖိအားများတဲ့နေရာမှာရှိနေတဲ့အတွက် ပုံစံသိပ်မပျက်ယွင်းသေးပေမဲ့ နှစ်ပေါင်း ၃၀ ခန့်အကြာမှာတော့ တိုက်တန်းနစ်သင်္ဘောရဲ့ သံကိုယ်ထည်ဟာ တစ်ဖြည်းဖြည်းယိုယွင်းလာပြီး နောက် ၁၄ နှစ်လောက်ကြာရင်တော့ တိုက်တန်းနစ်သင်္ဘောဟာ လုံးဝအစပျောက်သွားနိုင်ဖွယ်ရှိပါတယ်။

တိုက်တန်းနစ်သင်္ဘောကို အခုလိုပျောက်ဆုံးသွားစေမယ့် တရားခံကတော့ သံစားတဲ့ ဘတ်တီးရီးယား တစ်မျိုးပါပဲ။ ၁၉၉၁ ခုနှစ်က ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်များဟာ တိုက်တန်းနစ်သင်္ဘော ကိုယ်ထည်မှာ ကျောက်ပန်းဆွဲတွေလိုမျိုး ကပ်ငြိနေတဲ့ သံချေးတွေကို လေ့လာကြည့်တဲ့အခါမှာ ဘတ်တီးရီးယားများစွာကို တွေ့ရှိခဲ့ပါတယ်။

တွေ့ရှိခဲ့တဲ့ ဘတ်တီးရီးယားတွေဟာ မျိုးစိတ်အသစ်ဖြစ်ပြီး တိုက်တန်းနစ်သင်္ဘော ကြောင့်တွေ့ရှိခဲ့တဲ့အတွက် ဒီဘတ်တီးရီးယားတွေကို Halomonas titanicae လို့အမည်ပေးခဲ့ပါတယ်။ ဒီဘတ်တီးရီယားတွေဟာ ကမ္ဘာပေါ်က ဘယ်သက်ရှိမှ အသက်မရှင်နိုင်တဲ့ အခြေအနေတွေဖြစ်တဲ့ ဖိအားများတဲ့ ပင်လယ်ရေအောက်တွေနဲ့ ဆားငန်ရေဒေသတွေမှာပါ အသက်ရှင်နိုင်တဲ့ဘတ်တီရီးယားတွေ ဖြစ်ပါတယ်။

သင်္ဘောပျက်တွေမှာ နေထိုင်တဲ့ ဘတ်တီးရီးယားတွေဟာအမျိုးမျိုးရှိပြီး Halomonas titanicae ဘတ်တီးရီးယားတစ်မျိုးတည်းရှိတာ မဟုတ်ပါဘူး။ ဘတ်တီးရီးယား အမျိုးမျိုးဟာ သင်္ဘောတစ်စီး ပင်လယ်ကြမ်းပြင်အောက်ရောက်သွားပြီဆိုတာနဲ့ လာရောက်နေထိုင်လေ့ရှိကြပြီး
biofilm လို့ခေါ်တဲ့ ဆဲလ်တွေ အချင်းချင်း ချိတ်ဆက်ထားတဲ့အပြားမျိုးဖွဲ့စည်းကာနေထိုင်ကြပါတယ်။ ရှေးခေတ်က သစ်သားသင်္ဘောတစ်စီး ပင်လယ်ထဲမြုပ်သွားပြီဆိုရင်လည်း သစ်သားစားတဲ့ ဘတ်တီးရီးယားတွေ လာရောက်နေထိုင်လေ့ရှိပြီး ယနေ့ခေတ် သံကိုယ်ထည် သင်္ဘောတွေ
မြုပ်သွားရင်တော့ Halomonas titanicae လို သံကိုစားတဲ့ဘတ်တီးရီယားမျိုးတွေ လာရောက်နေထိုင်ကြပါတယ်။

ဒါပေမဲ့ Halomonas titanicae ဘတ်တီးရီးယားလိုမဟုတ်ဘဲတခြားသော ဘတ်တီးရီးယားမျိုးတွေဟာ သင်္ဘောပျက်ကိုယ်ထည်ပျက်ဆီးခြင်းမှ ကာကွယ်ပေးတဲ့အတွက် ၁၄ ရာစုနှစ်က သင်္ဘောပျက်တွေတောင် အခုချိန်ထိ သမုဒ္ဒရာထဲမှာ တွေ့နိုင်ပါသေးတယ်။

သူတို့ကာကွယ်ပေးပုံက သင်္ဘောတစ်စီးပျက်သွားတဲ့အခါ ဘတ်တီးရီးယားတွေ သင်္ဘောကိုယ်ထည်ပေါ်မှာ biofilm ကို ဖွဲ့စည်းနေထိုင်လိုက်တဲ့အတွက် သင်္ဘောကိုယ်ထည်ကို ပင်လယ်ရေနဲ့တိုက်ရိုက်မထိအောင်ကာကွယ်ပေးလိုက်သလိုဖြစ်ပြီး သင်္ဘောကိုယ်ထည်ပျက်ဆီးနှုန်းနှေးသွားကာ ဒီနေ့အချိန်ထိ ကြာရှည်ခံနေရတာ ဖြစ်ပါတယ်။

သင်္ဘောပျက်တွေဟာ သမိုင်းဖြစ်ရပ်တွေကို တိတိကျကျ မီးမောင်းထိုးပြနိုင်တဲ့သမိုင်း အမွေအနှစ်တစ်ခုအဖြစ်အရေးပါရုံသာမကဘဲ ပင်လယ်အောက်ခြေက သတ္တဝါတွေအတွက် နေအိမ်တစ်ခုအဖြစ်လည်း ထမ်းဆောင်ပေးပါသေးတယ်။

ဒါပေမဲ့ နောက်ဆုံးတော့ သင်္ခါရသဘောအရ အတ္တလန္တိတ်သမုဒ္ဒရာအောက်က  ၄၆၃၂၈၇ တန် ရှိတဲ့ တိုက်တန်းနစ်သင်္ဘောကြီးတောင် သူကိုယ်ထည်ပေါ်မှာ ကပ်နေတဲ့ ဘတ်တီးရီးယားတွေကြောင့် ပင်လယ်ကြမ်းပြင်အောက်ကနေ လုံးဝပျောက်ကွယ်သွားတော့မှာပါ။

Ref : BBC Knowledge : the-wreck-of-the-titanic-is-being-eaten-and-may-soon-vanish

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top