ရုပ်ရှင် အညွှန်း : The Danish Girl (2015)

Eddie-Redmayne-Einar-Wegener-Danish-Girl-Movie-2015.jpg

ဒီတစ်ခေါက်မှာတော့ ရိုးရာလေး ပရိတ်သတ်တွေအတွက် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားကို ညွှန်းပေးချင်ပါတယ်။

အဲ့ဒါကတော့ The Danish Girl ဆိုတဲ့ ရုပ်ရှင်ပါ။ ဒီရုပ်ရှင်က အစောဆုံး လိင်ပြောင်းလဲမှုပြုလုပ်ဖို့ ကြိုးစားခဲ့တဲ့ သူတွေထဲက တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရှုခင်းပုံတွေ ကိုဆွဲတဲ့ ပန်းချီဆရာ အိုင်နာ နဲ့ ပုံတူ ပန်းချီဆွဲတဲ့ ပန်းချီဆရာမ ဂါဒါတို့ ဇနီးမောင်နှံ နှစ်ဦးက နွေးနွေးထွေးထွေး ချစ်ချစ် ခင်ခင် အိမ်ထောင်ရေး တစ်ခုကို ပိုင်ဆိုင်ထားကြသူတွေ။ အိုင်နာက အောင်မြင်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ဂါဒါကတော့ ပြပွဲတွေမှာ သူ့ပန်းချီကားတွေ ပြနိုင်ဖို့ ကြိုးစားနေရဆဲ ဖိအားတွေနဲ့ ရုန်းကန်နေရတဲ့ ပန်းချီဆရာမလေး တစ်ယောက်။ တစ်နေ့မှာ သူမပုံတူ ဆွဲမယ့် မော်ဒယ်က မရောက်လာတဲ့ အတွက် ခင်ပွန်းဖြစ်သူကို အသားကပ်ခြေအိတ်လေးနဲ့ ဒေါက်ဖိနပ်လေး ဆင်ပြီး သူဆွဲလက်စ မော်ဒယ်နေရာမှာ ထိုင်ခိုင်း မိလိုက်တဲ့အခါ ဇာတ်လမ်းက အဲ့ဒီမှာစပါတယ်။

 

 

နူးနူးညံ့ညံ့ရှိလှတဲ့ အဝတ်အစား လှလှတွေ၊ လှလှပပ ပြင်ဆင်မှုတွေ၊ သိမ်သိမ်မွေ့မွေ့ အကြည့်တွေ၊ အပြောတွေနဲ့ ဖန်တီးထားတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းမပျိုလေး လီလီ အဖြစ် ပန်းချီဆရာ တဖြစ်လဲ ခင်ပွန်းသည် အိုင်နာက ခဏ ဟန်ဆောင်ကြည့်ဖို့ အထိ သူတို့ ဇနီးမောင်နှံ နှစ်ဦး စနောက်ပျော်ရွှင်မိခဲ့ကြတဲ့ အကျိုးဆက်ကတော့ ခပ်ဆိုးဆိုးပါပဲ။ အိုင်နာက မယုံကြည်နိုင်လောက်အောင် မိန်းမပျိုလေး လီလီဆိုတဲ့ အဖြစ်မှာ ပျော်ရွှင်ကျေနပ်သွားခဲ့ပါတယ်။ သူ့ကိုယ်သူ အရိပ်တကြည့်ကြည့် အလှပြင်ပြီး ချစ်နေရာကနေ ယောက်ျားပျိုလေးတွေကို ချစ်စိတ်ဝင် ကြင်နာချင်လာတဲ့အထိ စိတ်တွေ ပြောင်းလဲလာခဲ့တော့တာပါပဲ။ တစ်ဖက်မှာလည်း ပန်းချီဆရာမလေး ဂါဒါက သူမရဲ့ ခင်ပွန်းကို လီလီအဖြစ် ပုံတူ ထိုင်ခိုင်းရင်း ပုံတူ ပန်းချီတွေဆွဲကာ ပြပွဲ တွေပြရတဲ့ အထိ အောင်မြင်လာခဲ့ပါတယ်။ ဒါပေမယ့် လီလီကတော့ သူ့ရဲ့ လှလှပပ ဖန်တီးထားတဲ့ ဘဝလေးမှာပဲ ပျော်နေတော့တာဖြစ်ပြီး ပန်းချီလည်း ဆက်မဆွဲနိုင်တော့ပါဘူး။ ရင်းနှီးချစ်ခင်လှတဲ့ သူတို့ နှစ်ဦးရဲ့ဆက်ဆံရေးကလည်း အစည်းအတားကြီး တစ်ခု ရှိလာခဲ့ပါပြီ။ အဲ့ဒါကတော့ လီလီပါပဲ။

 

 

ယောက်ျားဘဝကို မပျော်ရွှင်တော့ဘဲ မိန်းမလေး အဖြစ်သာ အဆုံးစွန်အထိ ဖြစ်ချင်လာတဲ့ လီလီ ဒါမှ မဟုတ် အိုင်နာတစ်ယောက် တဖြေးဖြေး အလိုမကျဘဲ ပိန်လာ၊ နေမကောင်းဖြစ်လာခဲ့ပါတယ်။ ဆရာဝန်တွေပြပြီး ယောက်ျားအဖြစ် ပြန်နေနိုင်အောင် ကုသဖို့ ကြိုးစားပေမယ့် ဘယ်လိုမှ အဆင်ပြေမလာတော့ဘူး။ သိပ်ကို ကြောက်စရာ၊ သနားနာကျင်စရာ ဖြစ်ရပ်တွေပါ။ ဂါဒါ အနေနဲ့ သူမ ခင်ပွန်းကို အသည်းအသန် လိုအပ်နေတဲ့ အချိန်မှာတောင်မှ သူမဘေးမှာ ရှိနေတာက လီလီပဲ ဖြစ်နေပြီး သူမ လိုအပ်နေတဲ့ ပန်းချီဆရာ အိုင်နာကို ပြန်မရတော့တဲ့အခါ သူမ စိတ်ထဲ ဘယ်လောက်တောင် သွေးပျက် ကြောက်ရွံ့နေခဲ့မလဲ။ တကယ့် ဝမ်းနည်းစရာ မြင်ကွင်းတွေကို ရက်ရက်စက်စက်ကို အလှဆုံး သရုပ်ဖော်ထားတဲ့ ရုပ်ရှင်လို့ ပြောပါရစေ။

 

 

အမျိုးသမီး တစ်ယောက်အနေနဲ့ သူချစ်ရတဲ့ အမျိုးသား တစ်ယောက်ကို ဘယ်လောက် အတိုင်းအတာ ထိ စွန့်လွှတ်ပြီး ချစ်မြတ်နိုးနိုင်မလဲ။ သူစိတ်ချမ်းသာ ဖို့အတွက် ဘယ်လောက်ထိ ကိုယ့်ရင် အကွဲခံပြီး ချစ်ပြသွားနိုင်မလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေအချို့ကို The Danish Girl ဆိုတဲ့ ရုပ်ရှင်ကနေတဆင့် သိလိုက်ရသလိုပါပဲ။

 

 

ဒီရုပ်ရှင်ကို ကြည့်ဖူးနေပြီးသား သူတွေလည်း ရှိနေမှာ ဖြစ်ပေမယ့် မကြည့်ရသေးတဲ့ သူတွေအတွက်ဆိုရင်တော့ ကြည့်ကြည့်ပါလို့ ညွှန်းချင်ပါတယ်။ The Danish Girl ရုပ်ရှင်ကိုတော့ ဒါရိုက်တာ တွမ်ဟူးပါး (Tom Hooper) ကရိုက်ကူးထားပြီး Eddie Redmayne နဲ့ Alicia Vikander တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ အဓိက ဇာတ်ဆောင်မင်းသား Eddie Redmayne ကိုတော့ The Theory of Everything နဲ့ Fantastic Beasts and Where to Find Them ရုပ်ရှင်ကားတွေထဲက ဇာတ်ရုပ်တွေ အနေနဲ့ ရင်းနှီးပြီးသား ဖြစ်နေမယ် ထင်ပါတယ်။ သူက ဒီရုပ်ရှင်မှာလည်း အကောင်းဆုံး၊ အလိုက်ဖက်ဆုံး သရုပ်ဆောင်သွားနိုင်တယ်လို့ ဆိုပါရစေ။ ဘတ်ဂျက် အနေနဲ့ အမေရိကန် ဒေါ်လာ ၁၅ မီလီယံ အသုံးပြုခဲ့တဲ့ ဒီရုပ်ရှင်ဟာ ဝင်ငွေ ၆၂ မီလီယံပြန်လည်ရရှိခဲ့ပြီး အဓိက ဇာတ်ဆောင်မင်းသမီး Alicia Vikander ကတော့ The Danish Girl ရုပ်ရှင်နဲ့ အဓိက ဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။

Zym (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top