“ပိတောက်ပန်း”

9-4-2020-yyl-041.jpg

ပိတောက်ပန်းဆိုသည့် အသံကြားသည်နှင့် နှစ်သစ် ကူးတော့မည်ကို မြန်မာလူမျိုးတိုင်း သိကြသည်။ ပိတောက်ပန်းသည် အမည်ဆန်းသလို သူ့သဘာဝကလည်း ထူးခြားသည့် ဝိသေသများကို ပိုင်ဆိုင်ထားသည်။ တစ်နှစ်မှာ တစ်လသာ ပွင့်ခြင်း၊ ထိုအချိန်အခါသည် နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးသည့် အချိန်အခါဖြစ်ခြင်း၊ လှပသော အဝါရောင်ဖြစ်နေခြင်း၊ တချို့မှလွဲ၍ သင်းပျံ့မွှေးသော ပန်းဖြစ်ခြင်း၊ မြန်မာပြည်မှာသာ တွေ့ရသော ပန်းမျိုးဖြစ်ခြင်းတို့သည် ပန်တောက်ပန်း၏ ထူးခြားသည့် ဝိသေသများ ဖြစ်သည်။

မြန်မာလူမျိုးတို့၏ ရေသဘင်ပွဲတော်နှင့် နှစ်ဟောင်း ကုန်ဆုံးခြင်းသည် အမြဲ ဆက်နွယ်လျက်ရှိသည်။ ရေသဘင်ပွဲတော်မှာ ရှေးယခင် ဘုရင်များ လက်ထက်မှ စတင်ခဲ့သည်။ နှစ်ဟောင်းမှ အညစ်အကြေးများ ပပျောက်စေရန်၊ စိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ ဆင်းရဲခြင်းများ ကုန်ဆုံးပြီး နှစ်သစ်မှာ စိတ်သစ် လူသစ်ဖြင့် တစ်နှစ်တာ ဘဝခရီး စတင်ရန် ရည်ရွယ်ချက်ဖြင့် မိဖုရားများ၊ မင်းညီမင်းသား၊ မင်းသမီးများနှင့် နန်းတွင်းရှိ အလုပ်အကျွေးပြုသူများကို ဘုရင်မင်းမြတ်က ချစ်ခင်စွာ သပြေခက်နှင့် ရေဆွတ်ဖျန်းပေးသည်မှစ၍ နှစ်စဉ် နှစ်တိုင်း တစ်ဦးနှင့် ရေလောင်းခြင်း၊ ရေပက်ခြင်းများ ဖြစ်ပေါ်လာခဲ့သည်။

နှစ်ဟောင်းကို ဤကဲ့သို့ ကုန်စေပြီး နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။ တစ်နှစ်လုံး မပွင့်ခဲ့သော ပိတောက်ပန်းများသည် ထိုအချိန်အခါသမယတွင် ပင်လုံးကျွတ် ပွင့်လာကြသည်။ အေးမြသောရေ၊ ဝင်းဝါသော ပိတောက်ပန်းတို့ကြောင့် လူအများ၏ စိတ်နှလုံးမှာလည်း အထူးပင် ရွှင်လန်းလာတော့သည်။ ထို့ကြောင့် ပိတောက်ပန်းသည် နှစ်သစ်၏ဂုဏ်ကို ဆောင်သည်။ မြန်မာနိုင်ငံ၏ ကျက်သရေကို ဆောင်သည့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့၏ “ပြယုဂ်” တစ်ခုအဖြစ် တင်စားလိုပါသည်။ မြန်မာလူမျိုးတို့ ချစ်မြတ်နိုးသော ပန်းလည်းဖြစ်ပါသည်။

ပိတောက်ပန်းများကို နောင်မျိုးဆက်သစ် လူငယ်များလည်း တွေ့မြင်ရစေရန်၊ မျိုးမသုဉ်းစေရန် ဆက်လက် စိုက်ပျိုးသင့်ပါသည်။ ယခုအချိန်မှာ ပိတောက်ပင်များကို အချို့သော နေရာများတွင် မတွေ့မမြင်ရတော့ပါ။ အိမ်ရှေ့များတွင် စိုက်ပျိုး ထားကြသော်လည်း မီးကြိုးများ မလွတ်ခြင်း၊ အိမ်ရှေ့တွင် ဈေးရောင်းလိုခြင်း စသည်တို့ကြောင့် လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုးကြောင့်လည်းကောင်း ပိတောက်ပင်များ ရှားပါးနေပြီဖြစ်ပါသည်။ သို့ဖြစ်၍ ရေရှည် တည်တံ့နိုင်ရန် ကျယ်ဝန်းသော ပန်းခြံ၊ မြို့ရွာ လမ်းဘေး၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း အနီးအနားများတွင် ဆက်လက်စိုက်ပျိူးသင့်ပါသည်။

နောင်အခါတွင် မျိုးဆက်သစ် လူငယ်များသည် ပိတောက်ပင်၊ ပိတောက်ပန်း အစစ်ကို မမြင်ဖူး၊ မတွေ့ဖူးဘဲ ပလပ်စတစ် ပိတောက်ပန်း အတုများကိုသာ မြင်တွေ့ရမှာကို စိုးရိမ်မိပါသည်။ သို့ဖြစ်ပါ၍ နှစ်သစ်ကူးသော တန်ခူးလရောက်တိုင်း ပိတောက်ပန်း အစစ် ရွှေဝါရောင် ပိတောက်ပန်းများကို ကမ္ဘာတည်သ၍၊ မြန်မာတည်သ၍ ထာဝရ ယှဉ်တွဲပြီး တွေ့မြင်ရစေရန် ကြိုးပမ်း အားထုတ် စိုက်ပျိုးကြပါစို့ ဟု တိုက်တွန်းအပ်ပါသည်။

စာကြွင်း ။ ။ ရှေးယခင်က ပိတောက်ပန်းများသည် တစ်နှစ်မှာ တစ်လ (တန်ခူးလ)၊ တစ်လမှာ တစ်ရက်တည်းပွင့်သော ထူးခြားပြီး သစ္စာရှိသည့် ပန်းမျိုးဟု သိရပါသည်။ ယခုအချိန်တွင် ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်လာ၍ ပိတောက်ပန်းများလည်း တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်ပွင့်ခြင်း ဖြစ်ပါသည်။

“သစ္စာ”
ပိတောက်နှင့် မြန်မာ
တည်စေရာရှင့်
ရင်မှာစွဲလန်း ပြယုပ်ပန်းကို
လက်ဆင့်ကာကမ်း
မျိုးဆက်သစ်လမ်းသို့
ပိတောက်သီးကို ခူး
မြေတူးစိုက်ကွယ်
ပိတောက်ကိုင်းကို ချိုး
မြေထိုးစိုက်မယ်
ပိတောက်ပင်ရိပ်
တစ်ရေးအိပ်။

___ ဇီဇဝါနေသွေး

မှတ်ချက်။ ။ ရိုးရာလေး ပရိတ်သတ် တစ်ဦးဖြစ်တဲ့ ကိုကျော်စိုးမင်းကနေ သူ့ရဲ့ မိခင် ဇီဇဝါနေသွေး ရေးထားတဲ့ ဒီ ပိတောက်ပန်း ဆောင်းပါးနဲ့ ကဗျာလေး ပေးပို့လာတာကို တည်းဖြတ်ပြီး ပြန်လည် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ကိုကျော်စိုးမင်းနဲ့ မိခင်လည်း နှစ်သစ်မှာ ဆောင်းပါးထဲက ပိတောက်ပန်းလေးတွေလို မွှေးကြိုင် လန်းဆန်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ရိုးရာလေးက ဆုတောင်းလိုက်ပါတယ်။

RT (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top