“မြန်မာမှုလက်ရာကို အဓိကစိတ်ဝင်စားလို့ မြန်မာမှုပိုင်းကို ဖန်တီးဖြစ်တာများပါတယ်” ဆိုတဲ့ Wooden Artist ဟိန်းကိုကိုနဲ့ တွေ့ဆုံခြင်း

IMG_7094.JPG

ဒီတစ်ပတ် ရိုးရာလေးပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တာကတော့ ထူးခြားဆန်းပြားတဲ့ စိတ်ကူးတွေနဲ့အတူ သစ်သားစလေးတွေကို လိုသလို အနုစိတ်ပုံဖော်အလှဆင်တတ်တဲ့ မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်က Wooden Artist ဟိန်းကိုကို ပဲ ဖြစ်ပါတယ်။

မေမြို့မှာ နေခဲ့စဉ်က သစ်သားမြင်းလှည်းလှလှလေးတစ်ခု စတင်မှာယူခဲ့ရာကနေပြီး သူ့ကို စတင်သိကျွမ်းခဲ့ပါတယ်။

လက်ရာသေသပ်လှပပြီး အသေးစိတ်ကအစ စိတ်ရှည်လက်ရှည်ဖန်တီးထားတဲ့ မြင်းလှည်းလေးကိုကြည့်ရင်း တခြားလက်ရာတွေကိုပါ သိချင်လာတာကြောင့် ဟိန်းကိုကိုရဲ့ Facebook စာမျက်နှာမှာ သွားရောက်လေ့လာကြည့်ရှုခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက အိမ်သေးသေးလေးတွေ၊ အပ်ချုပ်စက်သေးသေးလေးတွေ၊ မြနန်းစံကျော်နန်းတော်ကြီးရဲ့ ပုံစံငယ်အသေးစိတ်တွေ စသဖြင့် ပြုလုပ်ထားတာကို တွေ့ခဲ့ရပါတယ်။ ခုဆိုရင် ဟိန်းကိုကိုရဲ့ လက်ရာတွေဟာ တဖြည်းဖြည်း ပိုအနုစိတ်လာ၊ ပိုလှပ လာသလို ပုံစံစုံ၊ အရွယ်စုံ အများကြီး ဖန်တီးနေတဲ့အပြင် သစ်သားစကိုထွင်းပြီးလုပ်တဲ့ ပန်းချီကိုပါ ရေးခြစ်ထွင်းထု နေတာကို တွေ့ရပါတယ်။

မေး။ ။ မင်္ဂလာပါ မောင်လေး ဟိန်းကိုကို။

ဖြေ။ ။ မင်္ဂလာပါ ခင်မျာ။

မေး။ ။ ဒီ Woodern Art လေးတွေကို ဘယ်အချိန်တည်းက စိတ်ဝင်စားခဲ့၊ လုပ်ဖြစ်ခဲ့တာပါလဲ။

ဖြေ။ ။ ဒီ Wooden art လေးတွေကို ကျွန်တော် အလယ်တန်းကျောင်းသား ဘဝလောက်ကတည်းက စတင်ပြီး ဖန်တီးဖြစ်ခဲ့တာပါ။

မေး။ ။ဘယ်သူမှ သိပ်မလုပ်ကြတဲ့ ဒီအနုပညာကို ဘယ်ကနေသင်ယူခဲ့တာပါလဲ

ဖြေ။ ။အလယ်တန်းမှာ ကြို/သက် စက်မှူဘာသာရပ် စသင်တော့ သစ်သား မော်တော်ဘုတ် လက်တွေ့စလုပ်ရပါတယ်။အဲ့အချိန်ကတည်းက စပြီး wooden art ပိုးစ,ဝင်သွားတာပါ။နောက်ပိုင်းအချိန်ရရင်ရသလို ဖော့လေးတွေနဲ့ အိမ်လေးတွေအရုပ်လေးတွေလုပ်ဖြစ်ပါတယ်။ အိမ်ကလဲ ကျွန်တော့်ဝါသနာကိုသိတော့ နွေရာသီကျောင်းပိတ်တာနဲ့မေမြို့က ဆရာဦးသန်းရွှေဆီမှာ ပန်းချီပန်းပု သင်တန်းတက်စေပါတယ်။ အဲ့အချိန်ကတော့ wooden art miniature တွေမဖန်တီးဖြစ်သေးပါဘူး။ နောက်ပိုင်းဦးလေးရဲ့မိတ်ဆွေ ဖိလစ်ပိုင်က miniature ပညာရှင်နဲ့တွေ့တော့ ပန်းချီပန်းပုကတဆင့် miniature ကိုပိုစိတ်ဝင်စားလာခဲ့ပြီး သူ့ဆီမှာminiatureနဲ့ ပတ်သက်တဲ့အခြေခံသင်ဖြစ်ပါတယ်။ အဲ့အချိန်ကတော့ miniature ကို သစ်နဲ့မဟုတ်ဘဲ ဖော့ပြားလိုပုံစံမျိုးနဲ့လုပ်ဖြစ်ပါတယ်။ ဆယ်တန်းပြီးနောက်ပိုင်းမှာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ ရုရှားက ဆရာမ Alena bassaraba နဲ့ စကေးပိုင်း ဒီဇိုင်းအခြေခံနဲ့လိုအပ်တာတွေဆက်သင်ယူဖြစ်ပါတယ်။ miniature ကိုသင်ယူရင်း သစ်နဲ့ပဲ သီးသန့် creation လိုင်းဖောက်ဖို့စိတ်ကူးမိရာကနေ wooden art လိုင်းကိုစထွင်ဖြစ်ပါတယ်။

မေး။ ။ဖန်တီးတဲ့အခါ ဘယ်လိုပုံစံ၊ လက်ရာတွေကို အများဆုံး ဖန်တီးဖြစ်လဲ

ဖြေ။ ။ ဖန်တီးဖြစ်တဲ့နေရာမှာတော့ မြန်မာမှု ကျောင်းဆောင် အဆောက်အဦးတွေကို ပြန်ပြီး wooden art miniature နဲ့ ဖန်တီးဖြစ်ပါတယ်။ မြန်မာမှုလက်ရာကိုအဓိကစိတ်ဝင်စားလို့ မြန်မာမှုပိုင်းကို ဖန်တီးဖြစ်တာများပါတယ်။ မြန်မာမှု ဘုံနန်းပြသာဒ်အချိုးအတိုင်းအဆတွေကိုတော့ မြန်မာမှူဆရာဆိုင်ရဲ့စာအုပ်တွေကိုအဓိက ဖတ်ရှုလေ့လာရပါတယ်။

မေး။ ။ကုန်ကြမ်းပစ္စည်းတွေ ဘယ်ကရလဲ။ ဘယ်လိုသစ်သားမျိုးတွေကို သုံးရလဲ။

ဖြေ။ ။အဓိက ကုန်ကြမ်းတွေကတော့ သစ်၊ ကြိမ်၊ ဝါး သစ်တောထွက် ပစ္စည်းတွေ သုံးပါတယ်။ သုံးထပ်သား သစ်ကပ်ကော်နဲ့ သံမှိုလေးတွေလဲသုံးပါတယ် သစ်ကိုတော့ သစ်စက်တွေကနေမှာပြီး ကိုယ်လိုချင်တဲ့အထူအပါးရအောင် အပါးပြန်လွှာရပါတယ်။

မေး။ ။လက်ရာတစ်ခုကို ဖန်တီးချိန် ဘယ်လောက်ကြာလဲ။

ဖြေ။ ။လက်ရာတစ်ခုကိုဖန်တီးချိန်ကတော့ တစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ ဥပမာ Purcell tower နဲ့ pony cart wooden art miniature ဆိုရင် ဖန်တီးချိန်က တစ်ပတ်နဲ့ဆယ်ရက်ကြားလောက်မှာရှိပါတယ်။ မယ်နုအုတ်ကျောင်းလို လက်ဝင်တာမျိုးဆိုရင်တော့ နှစ်လကနေသုံးလလောက်အထိကြာပါတယ်ခင်ဗျ။

မေး။ ။ကြုံတွေ့ရတဲ့ အခက်အခဲတွေ။

ဖြေ။ ။အဓိက အခက်အခဲကတော့ လက်နက်ကရိယာပါ။ တခါတလေ ကိုယ်သုံးနေကျ tool လေးတစ်ခုပျက်သွားတယ်ဆိုရင် ဒီမှာအလွယ်တကူ ဝယ်လို့မရတာပါပဲ။ ဥပမာဆိုရင် ကနုတ်ထွင်းတဲ့ ဆောက်အခုံး သေးသေးလေးတွေဆိုရင် ဒီမှာရှာရတာအင်မတန်ခက်ပါတယ်။

မေး။ ။ဟိန်းကိုကိုရဲ့ လက်ရာတွေဟာ အရမ်းအနုစိတ်ပြီး အသေးစိတ် စိတ်ရှည်လက်ရှည်ဖန်တီးထားတာ တွေ့ရတယ်။ ဖန်တီးနေချိန်မှာ စိတ်ကို ဘယ်လို လေ့ကျင့်ထားလဲ သိပါရစေ။

ဖြေ။ ။လက်ရာပိုင်း ရုပ်ထွက်ကောင်းဖို့အတွက်တော့ ဖန်တီးနေတဲ့အခါ စိတ်ကိုအကြည်လင်ဆုံးဖြစ်အောင်ထားပါတယ်။ တစ်ယောက်တည်း သီးသန့်နေပြီးဖန်တီးဖြစ်ပါတယ်။ တခါတလေ ဘေးနားမှာတအားဆူညံနေတာမျိုး၊ စိတ်ကျဉ်းကြပ်နေတဲ့အခါမျိုးမှာဖန်တီးဖြစ်ရင် အမှားအယွင်းဖြစ်တာမျိုး၊ လက်နက်ကိရိယာတွေနဲ့ခိုက်မိတာမျိုးတွေ ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကိုအကြည်လင်ဆုံး၊ အငြိမ်ဆုံးဖြစ်အောင် စုစည်းပြီးမှဖန်တီးဖြစ်ပါတယ်။ တစ်ယောက်တည်း studio အခန်းထဲမှာ အေးဆေးနေပြီးဖန်တီးဖြစ်ပါတယ်။

မေး။ ။ဘယ်လိုပုံစံမျိုးတွေကို ဖန်တီးရတာ ပို အားသန်လဲ။ (ဘယ်လိုပုံစံမျိုးလေးတွေ ပိုလုပ်ချင်လဲ)

ဖြေ။ ။ဖန်တီးမှုအပိုင်းမှာတော့ မြန်မာမှုဘက်ကို ပိုအားသာပါတယ်။ နိုင်ငံတကာမှာ Wooden art miniature ဒီဇိုင်းတွေပုံစံစုံဖန်တီးကြပေမဲ့ မြန်မာမှာအဆောက်အဦးအသေးစားလေးတွေကိုဖန်တီးသူမရှိသေးတော့ မြန်မာမှု miniature ကို လူပိုသိလာအောင်မြန်မာမှုကို ပိုအလေးထားဖန်တီးဖြစ်တာပါ။

မေး။ ။ဒီအနုပညာကို စပြီးလုပ်စဉ်ကနေ အခုချိန်ထိ လက်ရာဘယ်နှခုလောက် ဖန်တီးခဲ့ပြီးပြီလဲ။

ဖြေ။ ။ဒီအနုပညာကိုစပြီးဖန်တီးကတည်းက ဒီဇိုင်းပေါင်းသုံးလေးဆယ်လောက်ဖန်တီးဖြစ်ပါတယ်။ မေမြို့နာရီစင်၊ မြင်းလှည်း၊ မြန်မာမှုအဆောက်အဦးလေးတွေ၊ စက်ဘီး၊ ကားလေးတွေ၊

အပ်ချုပ်စက်လေးတွေ မျိုးစုံဖန်တီးဖြစ်ပါတယ်။

မေး။ ။Solo Show အနေနဲ့ ပြုလုပ်ဖို့အစီအစဉ်ရှိပါသလား။ ရှိခဲ့တယ်ဆိုရင် ဘယ်မြို့တွေမှာ ပြခဲ့လဲ။ မရှိသေးဘူးဆိုရင် ဘယ်မြို့တွေမှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ။ ။Solo show အနေနဲ့ မလုပ်ဖူးသေးပါဘူး။ အထက(၁) ရာပြည့်ပွဲမှာ မိတ်ဆွေပန်းချီဆရာတွေနဲ့ပေါင်းပြီး ပြပွဲ (၁)ခါပဲ လုပ်ဖူးပါတယ်။ Solo showကိုတော့ 2019 နှစ်ကုန်ပိုင်းလောက် ရန်ကုန်မှာပြဖို့ စီစဉ်နေပါတယ်။

မေး။ ။ရှေ့ဆက်ပြီး ဘာတွေလုပ်သွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ။ ။ရှေ့ဆက်ပြီး ကျွန်တော်မွေးဖွားရာဇာတိဖြစ်တဲ့ “မေမြို့” မြို့လေးရဲ့ ပုံစံငယ်ကိုပဲ ဆက်လက်ဖန်တီးဖြစ်မှာပါ။ တစ်မြို့လုံးစာအတိုင်းအတာအရ ၆နှစ်နဲ့အထက်လောက် ကြာမယ်လို့ ခန့်မှန်းပါတယ်။

မေး။ ။ရိုးရာလေး ပရိသတ်ကြီးကို စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။ ။နောက်ဆုံးအနေနဲ့ ရိုးရာလေးကိုရော ရိုးရာလေးပရိသတ် ကြီးကိုရော ကျေးဇူးအထူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးဖန်တီးမှုတွေဆက်လက်လုပ်နေအုံးမှာမို့ ဆက်လက်အားပေးကြပါအုံး။ ဒီ့အပြင် ကျွန်တော့ဖန်တီးမှုအပိုင်းမှာ လိုအပ်တာလေးတွေရှိရင်လဲ ဝေဖန်အကြံပြုကြပါ။ ကျွန်တော်မသိတဲ့၊ မတတ်တဲ့အပိုင်းတွေကိုလဲ သင်ကြားထောက်ပြ ဝေဖန်အကြံပြုပေးကြပါလို့။ အားလုံး ကျန်းမာအေးချမ်းကြပါစေ။

ခုလို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ “ဟိန်းကိုကို” ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဟိန်းကိုကိုလည်း ဝါသနာအတိုင်း Woodern Art လက်ရာအသစ်အသစ်တွေ ဆက်လက်ဖန်တီးနိုင်ပြီး အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ပါစေလို့ ရိုးရာလေးက ဆုတောင်းပေးလိုက်ပါတယ်။

(ဓာတ်ပုံတွေကို ဟိန်းကိုကိုရဲ့ ခွင့်ပြုချက်နဲ့ သုံးခွင့်ပေးထားတဲ့ပုံတွေကို သုံးထားပါတယ်။)

RT (ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top