ကေဘယ်ကားထဲ ပိတ်မိနေသူ ၈ ယောက်ကို ကယ်တင်နိုင်ခဲ့

23.8.23-yyl-10.jpg

ပါကစ္စတန်နိုင်ငံမှာ ချောက်ကမ်းပါးပေါ်က ကေဘယ်ကားထဲ ပိတ်မိနေသူ ၈ ယောက်ကို ကယ်တင်နိုင်ခဲ့ပါပြီ။ ကေဘယ်ကားဟာ မြေပြင်အထက် အမြင့်ပေ ၉၀၀ မှာ ပိတ်မိနေခဲ့တာဖြစ်ပြီး လေတိုက်နှုန်း ပြင်းထန်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အခက်အခဲ ကြုံခဲ့ရပါတယ်။ ၁၄ နာရီအကြာမှ ပိတ်မိနေသူတွေကို ကယ်တင်နိုင်ခဲ့တာပါ။

ကျောင်းသားလေးတစ်ယောက်ကို ရဟတ်ယာဉ်နဲ့ ကယ်ထုတ်ခဲ့ရပြီး အခြားကျောင်းသား ၅ ယောက်နဲ့ အရွယ်ရောက်ပြီးသူ ၂ ယောက်ကိုတော့ ကယ်ဆယ်ရေးသမားတွေက ကေဘယ်ကြိုးအတိုင်း တွဲခေါ်ကာ ကယ်တင်ခဲ့တာပါ။

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းက တောင်ထူထပ်တဲ့ ခီဘာပက်တန်ဟွာပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး အားနည်းပြီး ဘာတန်ဂီရွာကနေ ဂျန်ဂရီရွာကို ရောက်ဖို့ အနီးဆုံးလမ်းက သွားရင်တောင် ၄ နာရီ ကြာပါတယ်။ ချောက်ကမ်းပါးကို ဖြတ်သန်းဆက်သွယ်ထားတဲ့ ကေဘယ်ကားနဲ့သွားရင်တော့ မိနစ်ပိုင်းလောက်ပဲ ကြာမြင့်ပြီး ကျောင်းသားလေးတွေက ကျောင်းသွားဖို့အတွက် ကေဘယ်ကား စီးကြတာပါ။

ပြည်တွင်းဖြစ် ကေဘယ်ကားတွေဟာ သံထည်အဟောင်းတွေနဲ့ လုပ်ထားတာဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုလည်း အားနည်းတာကြောင့် အရင်ကလည်း အခုလိုဖြစ်ရပ်မျိုး ကြုံခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ခီဘာပက်တန်ဟွာပြည်နယ် အရှေ့ပိုင်းမှာ ကေဘယ်ကားထဲ ပိတ်မိနေတဲ့ ကလေးငယ် ၁၂ ယောက်ကို ကယ်တင်ခဲ့ရဖူးပါတယ်။

ဒီဖြစ်ရပ်အပြီးမှာတော့ ပါကစ္စတန်နိုင်ငံ ယာယီဝန်ကြီးချုပ်က အရည်အသွေး မပြည့်မီတဲ့၊ ပြုပြင်ထိန်းသိမ်းမှုမရှိတဲ့ ကေဘယ်ကားတွေကို ချက်ချင်းရပ်တန့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

Ref: Pakistan cable car: Relief as all passengers brought to safety

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top