အီရန်နိုင်ငံရဲ့ ရေနံအကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ သီရိလင်္ကာ စီစဉ်နေ

Iran.jpg

အီရန်နိုင်ငံရဲ့ ရေနံကြွေးကို လက်ဖက်နဲ့ ပြန်ဆပ်ဖို့ စီစဉ်နေတယ်လို့ သီရိလင်္ကာစိုက်ပျိုးရေးဝန်ကြီး ပါသီရာနာက ပြောပါတယ်။ အီရန်နိုင်ငံရဲ့ရေနံကြွေး အမေရိကန်ဒေါ်လာ ၂၅၁ သန်းကို ပေးဆပ်နိုင်ဖို့အတွက် လစဉ်လတိုင်း အမေရိကန်ဒေါ်လာ ၅ သန်းဖိုး လက်ဖက်တင်ပို့နိုင်ဖို့ မျှော်လင့်ထားတယ်လို့ သူက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ကြွေးမြီနဲ့ နိုင်ငံခြားငွေပြဿနာ ကြုံနေရပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်း ဝင်ငွေဆုံးရှုံးခဲ့လို့ အခြေအနေ ပိုဆိုးရွားခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှုအရ လက်ဖက်ကို အစားအစာအဖြစ် သတ်မှတ်ထားတဲ့အတွက် လက်ဖက်တင်ပို့ပြီး အကြွေးဆပ်မယ့်နည်းလမ်းဟာ ကုလသမဂ္ဂနဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ရာမရောက်ဘူး၊ ဒီကိစ္စမှာ အမည်ပျက်စာရင်းသွင်းခံထားရတဲ့ အီရန်ဘဏ်တွေလည်း ပါဝင်မှာမဟုတ်ဘူးလို့ ပါသီရာနာက ပြောပါတယ်။

” စီလုံလက်ဖက် ရောင်းချမှုကို သီရိလင်္ကာရူပီးငွေနဲ့ ပေးချေမှာဖြစ်လို့ အီရန်နိုင်ငံကို ဒီနည်းလမ်းနဲ့ အကြွေးဆပ်တာဟာ လိုအပ်ချက်များနေတဲ့ နိုင်ငံခြားငွေကို သက်သာစေမှာပါ” လို့ ပါသီရာနာက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ လာမယ့်ဇန်နဝါရီလမှာ နိုင်ငံတကာငွေတိုက်စာချုပ်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ပြန်ဆပ်ရမှာဖြစ်ပြီး လာမယ့်နှစ်အတွင်း ကြွေးမြီ အမေရိကန်ဒေါ်လာ ၄.၅ ဘီလျံ ပြန်ဆပ်ရဖို့ ရှိပါတယ်။ ဗဟိုဘဏ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နိုဝင်ဘာလကုန်မှာ သီရိလင်္ကာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေက အမေရိကန်ဒေါ်လာ ၁.၆ ဘီလျံအထိ လျော့နည်းသွားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်ပေးချေရမယ့် ကြွေးမြီအားလုံးကို ချောချောမွေ့မွေ့ ပြန်ပေးနိုင်မယ်လို့ ယုံကြည်ထားကြောင်း အခုလအစောပိုင်းမှာ ဗဟိုဘဏ်ဥက္ကဋ္ဌ ကာဘရယ်က ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ တစ်နှစ်ကို လက်ဖက် ကီလိုဂရမ် သန်း ၃၄၀ ထုတ်လုပ်ပြီး မနှစ်တုန်းကတော့ လက်ဖက်ကီလိုဂရမ် ၂၆၅.၅ သန်း တင်ပို့ရောင်းချနိုင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၁.၂၄ ဘီလျံ ရရှိခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ လူဦးရေ ၅ ရာခိုင်နှုန်းနီးပါးကလည်း ဒေါ်လာဘီလျံချီ တန်ကြေးရှိတဲ့ လက်ဘက်လုပ်ငန်းမှာ အလုပ်လုပ်ကြပါတယ်။

Ref: BBC”Sri Lanka plans to pay off Iran oil debt with tea”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top