ONE Championship ကြိုးဝိုင်းထဲတွင် အန်တိုနီယာအနှစ်သက်ဆုံး ကိုယ်ခံပညာသမား (၃) ဦး

Q1.jpg

ONE Championship ပြိုင်ပွဲကြီးသည် အာရှနှင့် ကမ္ဘာ့တစ်လွှားမှ ထိပ်တန်းကိုယ်ခံပညာကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြသည့် ပြိုင်ပွဲကြီးဖြစ်သည်နှင့်အညီ ကစားသမားတိုင်းသည် ထူးချွန်ထက်မြက်သည့်အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။ ယင်းကစားသမားများအနက် မြန်မာအမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား ဘိုဇီနာ“တိုတို” အန်တိုနီယာကို သူအကြိုက်ဆုံးကစားသမား (၃) ဦးရွေးချယ်စေခဲ့ရာ အောက်ပါအတိုင်း ရွေးချယ်ခဲ့ပါသည်။

ထို့အပြင် ယင်းကစားသမားများကို ရွေးချယ်ခဲ့ရသည့်အကြောင်းရင်းကိုလည်း အန်တိုနီယာက “သူတို့စိတ်ဓာတ်တွေက အရမ်းရိုးသားဖြူစင်တယ်။ အရမ်းလည်း ကြင်နာတတ်တယ်။ ဘယ်သူ့ကိုမဆို ဖေးမကူညီတတ်တယ်။ အမုန်းတရားတွေ၊ ပြိုင်ဆိုင်မှုတွေမရှိဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကလည်း အရမ်းကိုခိုင်မာတယ်။ သူတို့က ပြောတဲ့အတိုင်းလည်း တကယ်လုပ်တယ်။ ဘယ်သူတွေဘာပြောပြော သိပ်ဂရုမစိုက်ဘူး။ အပြုံးလေးနဲ့ ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်မျိုးရှိပြီး စိန်ခေါ်မှုတွေကို အလုပ်နဲ့သက်သေပြတတ်တဲ့သူတွေဖြစ်တဲ့အတွက် အရမ်းသဘောကျတယ်။ အရမ်းလည်းချစ်တယ်။ သူတို့ဆီကလည်း အများကြီးသင်ယူနေတယ်။ သူတို့လိုဖြစ်အောင်လည်း အများကြီးကြိုးစားနေတယ်”ဟု ပြောပြခဲ့သည်။

အန်တိုနီယာ ရွေးချယ်ခဲ့သည့် အကြိုက်ဆုံးကစားသမားများမှာ အောက်ပါအတိုင်းဖြစ်သည်။

အောင်လအန်ဆန် (မြန်မာ)

ONE ၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ဝိတ်တန်းနှစ်တန်း၏ ချန်ပီယံခါးပတ်များကို သိမ်းပိုက်ထားသူ “ မြန်မာစပါးအုံး” အောင်လအန်ဆန် သည် အန်တိုနီယာ၏ ပထမဦးစားပေး အကြိုက်ဆုံးကစားသမား ဖြစ်သည်။ အန်တိုနီယာ၏ ကြိုးဝိုင်းအကူအဖြစ်ပင် ကူညီပေးခဲ့ဖူးသူ အောင်လအန်ဆန်သည် မြန်မာကစားသမားများထဲတွင် အအောင်မြင်ဆုံးကစားသမားဖြစ်သလို လက်ရှိတွင် ONE ၏ တစ်ဦးတည်းသော ဝိတ်တန်းနှစ်ခုချန်ပီယံ ဖြစ်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့သော အောင်လအန်ဆန်သည် အထက်တန်းပညာရေး ပြီးဆုံးသည်အထိ မြန်မာနိုင်ငံတွင်နေခဲ့ပြီးမှ အမေရိကန်သို့ ပညာရေးအတွက် ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ပညာရေးတစ်ဘက်ဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကိုလည်း လေ့လာလိုက်စားခဲ့ရာ ကျောင်းမပြီးခင်ကတည်းက ပရော်ဖက်ရှင်နယ် ပြိုင်ပွဲများပါဝင်ကစားနိုင်ခဲ့သူဖြစ်သည်။ ၎င်း၏ ထူးချွန်သော မြေပြင်ချုပ်ကွက်များကြောင့် “ မြန်မာ စပါးအုံး”ဟူသည့် ကြိုးဝိုင်းနာမည်ဖြင့် ကျော်ကြားလာခဲ့သဖြင့် ONE Championship က ခေါ်ယူစာချုပ်ချုပ်ဆိုခဲ့သည်။ ONE တွင် ပွဲစဉ်ပေါင်း (၁၁) ပွဲ ကစားရာ (၁) ပွဲသာ ရှုံးနိမ့်ထားပြီး ကျန်ပွဲအားလုံးအနိုင်ရကာ ချန်ပီယံခါးပတ်နှစ်ခုကို ထိုက်ထိုက်တန်တန်သိမ်းပိုက်ထားသူ ဖြစ်သည်။

အောင်လအန်ဆန်ကို ရွေးချယ်ခဲ့သည့်အကြောင်းရင်းနှင့်ပတ်သက်၍ အန်တိုနီယာက “ကိုအောင်လက အရမ်းကြင်နာတတ်တယ်။ အရမ်းလည်းကူညီတတ်တယ်။ လူတွေ အားလုံးအပေါ် အရမ်းစေတနာထားတယ်။ ဖြူစင်ရိုးသားတဲ့စိတ်ရှိတယ်။ အဆင့်အတန်းမခွဲခြားဘဲ အားလုံးကို တန်းတူချစ်တယ်။ ရိုးသားဖြူစင်နဲ့အပြုံးနဲ့ လူတွေကို ရှေ့ဆောင်လမ်းပြအဖြစ် နေတယ်။ အားလုံးကို တတ်နိုင်သလောက်လက်တွဲခေါ်တယ်။ ပြီးတော့ ပြောတဲ့အတိုင်း တကယ်လုပ်တတ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် အမြဲတမ်း ယောကျ်ားတစ်ယောက်ရဲ့ကတိကို တည်အောင်လုပ်တဲ့ လူတစ်ယောက်ဖြစ်လို့ အရမ်းလေးစားတယ်”ဟု ပြောပြခဲ့သည်။

Xiong Jing Nan (တရုတ်)

အန်တိုနီယာ ရွေးချယ်သည့် နောက်ထပ် ကိုယ်ခံပညာကစားသမားတစ်ဦးမှာ ONE ၏ လက်ရှိ အမျိုးသမီး စတောဝိတ်တန်းချန်ပီယံ တရုတ်နိုင်ငံသူ Xiong Jing Nan ဖြစ်သည်။ “The Panda” ဟု ကြိုးဝိုင်းနာမည် ရရှိထားသူ Xiong သည် အန်တိုနီယာ လက်ရှိလေ့ကျင့်နေသော အင်ဒိုနီးရှား Bali MMA ကလပ်တွင် အတူတကွ စခန်းသွင်းလေ့ကျင့်နေသူ ဖြစ်သည်။ အန်တိုနီယာနှင့် Xiong သည် စားအတူ သွားအတူ အလွန်ရင်းနှီးသောဆက်ဆံရေးရှိကြောင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အန်တိုနီယာက ဖြေကြားခဲ့ဖူးသည်။

ငယ်စဉ်ကတည်းက ဖခင်ထံမှ တရားမျှတမှုနှင့် ကိုယ်ချင်းစာစိတ်အကြောင်းသင်ကြားခဲ့ရသူ Xiong သည် အနိုင်ကျင့်ခံရသည့် အားနည်းသူများဘက်မှရပ်တည်နိုင်ရန် ကိုယ်ခံပညာကိုသင်ကြားခဲ့ခြင်း ဖြစ်သည်။ Xiong သည် အနောက်တိုင်းလက်ဝှေ့ အားကစားတွင်ထူးချွန်ခဲ့ပြီး တရုတ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ခဲ့သလို ဘရာဇီးလ်ဂျူဂျစ်ဆုအားကစားတွင်လည်း တရုတ်အလွတ်တန်း ချန်ပီယံ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲ ဝင်ရောက် လာခဲ့ရာ ပွဲစဉ်ပေါင်း (၁၅) ပွဲ ကစားပြီးချိန်အထိ ရှုံးပွဲတစ်ပွဲသာရှိသေးသူဖြစ်သည်။

Xiong ကို အကြိုက်ဆုံးကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်၍ အန်တိုနီယာက “Xiong Jing Nan က အရမ်းကိုစာနာတတ်တဲ့သူမျိုး။ အရမ်းလည်းကြင်နာတတ်တယ်။ သူ့ရဲ့ စိတ်ဓာတ်က ဘယ်တော့မှအရှုံးမပေးတဲ့စိတ်ဓာတ်မျိုး။ အဲဒီစိတ်ဓာတ်ကို ကျွန်မကြိုက်တယ်။ သူက လူတွေကိုလည်း ကူညီတတ်တယ်။ စိတ်ထားလည်းအရမ်းကောင်းတယ်”ဟု ပြောပြခဲ့သည်။

Mei Yamaguchi (ဂျပန်)

နောက်ဆုံးတစ်ယောက်အဖြစ် အန်တိုနီယာ ရွေးချယ်သည့်ကစားသမားမှာ ONE ၏ အမျိုးသမီး အက်တမ်ဝိတ်တန်းတွင် ယှဉ်ပြိုင်နေသော ဂျပန်ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား
Mei Yamaguchi ဖြစ်သည်။ Yamaguchi သည် အန်တိုနီယာနှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်မှုမရှိဘဲ ၎င်းကစားသည့်ပွဲစဉ်များကို အားပေးရင်းမှ အန်တိုနီယာ၏ အကြိုက်ဆုံး စံပြကစားသမားတစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။

ဂျပန်နှင့် အမေရိကန်နှစ်နိုင်ငံ တစ်လှည့်စီနေထိုင်ရင်း ကြီးပြင်းခဲ့ရသူ Yamaguchi သည် မိခင် ကွယ်လွန်ပြီးနောက် ၎င်း၏ဝမ်းနည်းမှုများကို ကိုယ်ခံပညာအားကစားများလေ့ကျင့်ရင်း ဖြေဖျောက်ခဲ့ရာမှ ထူးချွန်သည့် ကိုယ်ခံပညာသမားတစ်ဦး ဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံမှ Deep နှင့် အခြားပြိုင်ပွဲအချို့တွင် ချန်ပီယံဆုများသိမ်းပိုက်ခဲ့ပြီးနောက် ONE သို့ ကူးပြောင်းလာခဲ့သည်။ ONE တွင် အမျိုးသမီးအက်တမ်ဝိတ်တန်းချန်ပီယံခါးပတ်ကို သိမ်းပိုက်နိုင်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ သော်လည်း Angela Lee ကို အနိုင်ယူနိုင်ခြင်းမရှိခဲ့၍သာ လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။ Yamaguchi သည် ကစားသမားဘဝတစ်လျှောက် ပွဲပေါင်း (၃၁) ပွဲ ကစားခဲ့ရာတွင် (၁၉) ပွဲနိုင်၊ (၁၁) ပွဲရှုံး၊ (၁) ပွဲသရေရလဒ်ရရှိထားသည်။ ထူးခြားချက်မှာ Yamaguchi သည် တစ်ကြိမ်တစ်ခါမှ အလဲထိုး မခံခဲ့ရဖူးခြင်း ဖြစ်သည်။

၎င်းကို ရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက်၍ အန်တိုနီယာက “Yamaguchi ကျတော့ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် ပြိုင်ဘက်ကို ဒေါသထွက်တာမျိုးမရှိဘူး။ အမြဲတမ်းပြုံးနေတယ်။ ဘယ်ရလဒ်ကိုမဆို အမြဲကျေကျေနပ်နပ်နဲ့ လက်ခံတယ်။ လူတိုင်း အပေါ်လည်း တော်တော်လေးကိုမေတ္တာထားနိုင်တယ်။ သူ့မှာ ခွင့်လွှတ်ခြင်းတရား အမြဲရှိတယ်။ သူ့ရဲ့ စိတ်ဓာတ်ကို အရမ်းသဘောကျတယ်။ ပြိုင်ပွဲတိုင်းကို ရလဒ်ဘယ်လိုပဲဖြစ်ဖြစ် ပြိုင်ဘက်ကို လေးစားတယ်။ ဘယ်အချိန်ပဲ ကြည့်ကြည့် အမြဲပြုံးနေတယ်” ဟု ပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top