Geje Eustaquio ပြောပြသော ထိပ်တန်း ကစားသမားတစ်ယောက်၏ စွန့်လွှတ် အနစ်နာခံမှုများ

Geje-Eustaquio.jpg

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရပ်တွင် အနိုင်အရှုံး ကွာခြားချက်သည် သန်မာမှု၊ လျင်မြန်မှုနှင့် ထက်မြက်မှုများက မိမိ၏ ပြိုင်ဘက်များထက် သာလွန်နေမှုပေါ် မူတည်နေသည်။ ကြိုးဝိုင်းအတွင်းတွင် အဖွဲ့သားဟူ၍ မရှိ၊ အနားပေးသောအချိန် မရှိ၊ မိမိ ဒုက္ခရောက်နေလျှင် ကူညီပေးမည့်သူ ရှိမည်မဟုတ်ချေ။ ကစားသမားတစ်ဦး၏ အရည်အချင်းသည် တစ်ဦးတစ်ယောက်ချင်းစီပေါ်တွင်ပင် မူတည်သွားမည်ဖြစ်သည်။

ထို့ကြောင့်ပင် အခြားသူများအားလပ်ရက်များ၌ အနားယူနေချိန်တွင် ONE ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Geje “Gravity” Eustaquio သည် ၎င်း၏ ယှဉ်ပြိုင်ရမည့်ပွဲစဉ်အတွက် အားကစားရုံတွင် လေ့ကျင့်လျက်ရှိသည်။ ကြိုးဝိုင်းအတွင်း ဝင်ရောက်ပြီးသည့် အချိန်ခဏအတွင်း ၎င်း၏ ခါးပတ်ကို ကာကွယ်ရမည့်တာဝန်သည် ၎င်း တစ်ယောက်တည်းအပေါ်တွင်သာ ကျရောက်နေမည်ဖြစ်သည်ကို Estaquio က နားလည်ထားသည်။

အသက် ၂၉ နှစ်ရှိပြီဖြစ်သော Estaquio ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည့် ONE: HERO’S ASCENT, ပြိုင်ပွဲကြီးတွင် ဘရာဇီးကစားသမား Adriano “Mikinho” Moraes နှင့် ရင်ဆိုင်ယှဉ်ပြိုင်သွားရန် ပြင်ဆင်လျက်ရှိသည်။ ယခု တွေ့ဆုံယှဉ်ပြိုင်ပွဲသည် ၎င်းတို့ ၂ ဦးအတွက် သုံးကြိမ်မြောက် ရင်ဆိုင်ရသောပွဲဖြစ်ကာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးပွဲဆိုလည်း မမှားချေ။ ၎င်းတို့ ၂ ဦး နောက်ဆုံး ယှဉ်ပြိုင်ခဲ့သောပွဲသည် ပြီးခဲ့သော ဇွန်လက ကျင်းပခဲ့သော ONE: PINNACLE OF POWER ပြိုင်ပွဲကြီးတွင်ဖြစ်ကာ ထိုပြိုင်ပွဲတွင် အနည်းငယ်မျှသော အမှတ်ကွာခြားချက်နှင့် ဒိုင်များ ဆုံးဖြတ်ချက်ကြောင့် Team Lakay’s မှ Eustaquio သည် ရွှေခါးပတ်ကို ရယူပိုင်ဆိုင်ကာ အကြိတ်အနယ် ယှဉ်ပြိုင်ရသော ပြိုင်ပွဲကို အဆုံးသတ်ခဲ့သည်။

ပြီးခဲ့သော ပွဲစဉ်သည် Eustaquio ၏ မှတ်ဥာဏ်ထဲတွင် လတ်ဆတ်စွာ ရှိနေသေးသောကြောင့် နှစ်သစ်ကူးပွဲတော်ချိန်များအတွင်းတွင် ၎င်းသည် အနားယူရန် မတတ်နိုင်ခဲ့ချေ။

“ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာကစားသမားဘဝက ခက်ခဲတယ်။ ဒါပေမယ့် အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ဖို့ စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်ရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်” ဟု ၎င်းက onefc.comနှင့် အင်တာဗျူးတွင်ပြောပြခဲ့သည်။

“မိသားစု မိတ်ဆွေတွေရဲ့ အဝေးမှာ သွားပြီးလေ့ကျင့်နေရတာ ကျွန်တော့်အတွက် မလွယ်လှပါဘူး။ ဒါဟာလည်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ရဲ့ ဘဝ အစိတ်အပိုင်း တစ်ခုပါပဲ။ စွန့်လွှတ်မှုတွေ အများကြီး လုပ်ခဲ့ရတယ်။ ဒီဇင်ဘာလမှာ လေ့ကျင့်နေရတယ်ဆိုတာလည်း အနစ်နာခံရတာပါပဲ။ ဒီပြိုင်ပွဲကြောင့် ခရစ္စမတ်ပွဲကိုလည်း မသွားရဘူး။ မိသားစုထဲမှာ လုပ်တဲ့ပွဲတွေ ဥပမာ မွေးနေ့တို့ ပြန်လည်တွေ့ဆုံပွဲတို့လိုပွဲတွေလည်း မတက်နိုင်ခဲ့ဘူး” ဟု ၎င်းက ဆိုသည်။

Eustaquio ၏ လုပ်ဆောင်မှုများသည် သင်တွေးထင်ထားသော ကမ္ဘာ့ချန်ပီယံတစ်ဦး၏ ကြိုးစားမှုများအတိုင်းပင်ဖြစ်ပြီး ၎င်း၏ အားကစားပေါ် ချစ်မြတ်နိုးသောစိတ်ကို အတိုင်းသား တွေ့မြင်နိုင်ပေသည်။

“ဒီအားကစားလောကမှာ ချန်ပီယံအားကစားသမားတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့ဆိုရင် ကျွန်တော် ဒီလို အနစ်နာခံရမှာပဲလေ…နောက်ဆုံးမှာ ကျွန်တော် စိုက်ပျိုးထားတဲ့အသီးအပွင့်ကို ကျွန်တော် ပြန်ရိတ်သိမ်းရမှာပါ။ ကြိုးစားမှုက ဘယ်တော့မှ အလကားမဖြစ်ပါဘူး” ဟု Eustaquio က ပြောသည်။

သောကြာနေ့ပွဲစဉ်နှင့်ပတ်သက်၍ လူအများပြောဆိုချက်အရ Baguio မြို့သား Eustaquio သည် ပြန်လည်ရင်ဆိုင်မည့်ပွဲများတွင် ရှုံးလေ့မရှိဟု ပြောကြသည်။ Eustaquio သည် ထိုင်းကစားသမား Anatpong Bunrad၊ Kazakhstan’s Kairat Akhmetov၊ Moraes တို့နှင့် ပထမပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ကာ ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့သူဖြစ်သည်။ ထိုပြိုင်ပွဲများသည် Eustaquio ၏ အားကစား အရည်အချင်းများကို ပြသသည့်အပြင် ၎င်း၏ စိတ်ဓာတ် ကြံ့ခိုင်မှုများကိုပါ တွေ့မြင်ရမည်ဖြစ်သည်။

“ကြိုးဝိုင်းထဲဝင်လိုက်တာနဲ့ ကောင်းမွန်တဲ့စိတ်သဘောထားထားဖို့ အရေးကြီးပါတယ်။ မင်းကို အရင်က နိုင်ဖူးတဲ့ အားကစားသမားကို ရင်ဆိုင်တဲ့အခါ လက်ရှိမှာပဲ စိတ်ကိုအာရုံစိုက်ထားပြီး အရင်ကဖြစ်ခဲ့တာတွေ ပြန်တွေးမနေဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သော အနိုင်ပွဲစဉ် ၃ ခုတွင် Eustaquio ၏ လုပ်ရပ်များသည် ONE ဖလိုင်းဝိတ် ချန်ပီယံအဖြစ် ရပ်တည်နေနိုင်ရသော အကြောင်းရင်းကို ထင်ရှားစွာ သက်သေပြလျက်ရှိသည်။ ၎င်းသည် ချန်ပီယံခါးပတ်ကို ပိုင်ဆိုင်ထားသော်လည်း ကိုယ်ခံပညာ ကစားသမား တစ်ဦးအနေဖြင့် လေ့လာမှုများ ရပ်တန့်သွားခြင်း မရှိချေ။

“ကမ္ဘာ့ချန်ပီယံဖြစ်လာခဲ့ခြင်းက ကျွန်တော့်ကို လေ့လာသင်ယူခြင်းစိတ်တွေ ပိုပြီးပြင်းထန်စေတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော် တိုးတက်နေတုန်းပါပဲ။ ကျွန်တော့်ရဲ့ ကိုယ်ခံပညာ အားကစားမှာ အသစ်သစ်တွေ အများကြီး သင်ယူဖို့ရှိသလို အများကြီး ပြသသွားဖို့လည်း ရှိပါတယ်”

“ကျွန်တော် အရင်က ကြိုးစားခဲ့သလို ဇန်နဝါရီလ ၂၅ ရက်နေ့ကျရင်လည်း ထပ်ပြီး ကြိုးစားသွားမှာပါ။ ခါးပတ်က ဖိလစ်ပိုင်မှာပဲ ဆက်ရှိနေမှာပါ”ဟု ၎င်းက ပြောသည်။

ထိုစကားများသည် Asia Arena တွင် ကျင်းပမည့်ပြိုင်ပွဲကြီးတွင် နိုင်ငံဂုဏ်ဆောင် ကစားသမားကို အားပေးမည့် ပရိတ်သတ်အတွက် အလွန်သာယာနာပျော်ဖွယ် တေးသံတစ်ပုဒ်ကဲ့သို့ ဖြစ်နေပါတော့သည်။

Ref: ONE Championship “Geje Eustaquio Talks About The Sacrifices Needed To Stay At The Top”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top