အချိန်ဆွဲတတ်တဲ့အကျင့်ကို လွယ်ကူတဲ့ နည်းလမ်း(၅)သွယ်နဲ့ ကျော်လွှားလိုက်ကြမယ်

getty_160581565_249606.jpg

လူတွေအားလုံးရဲ့ အနှစ်သက်ဆုံး အလေ့အကျင့်ဆုံး တစ်ခုကို ပြောပါဆိုရင် အချိန်ဆွဲတတ်ခြင်းပဲ ဖြစ်မယ် ထင်ပါတယ်နော်။ အလုပ်တွေကို နောက်ဆုံး လုပ်ရမယ့်အချိန် (last minute) ထိ အချိန်တွေ ဆွဲထားတတ်ကြပါတယ်။

လုပ်စရာတွေများပြီး ဘယ်ကစလုပ်လို့ လုပ်ရမှန်း မသိတာကြောင့် အချိန်ဆွဲထားတတ်တယ်။ တစ်ခါတစ်လေကျပြန်တော့ ကိုယ်လိုအပ်တဲ့အချိန်ထက် အချိန်တွေပိုရထားလို့ အချိန်ဆွဲထား ကြပြန်ရော။ ဘယ်လိုအကြောင်းရင်းကြောင့်ပဲဖြစ်ပါစေ အချိန်ဆွဲခြင်းဟာ စိတ်ဖိစီး ကြောင့်ကြမှု၊ ဒီအလုပ် မပြီးသေးဘူးဆိုပြီး ကိုယ့်ရဲ့ခေါင်းထဲမှာ လွှမ်းမိုးနေမှု နောက်ဆုံး စိုးရိမ်သောက ရောက်တဲ့အထိတောင် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့ ဒီအချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ဆိုးကြီးကို အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေနဲ့ ဖျောက်ပစ်လိုက်ကြပါစို့နော်။

၁။ ကြီးမားတဲ့ လုပ်ငန်းတာဝန်တွေကို ခွဲထုတ်လိုက်ပါ

တစ်ခါတစ်လေမှာ ဘယ်ကနေစလုပ်လို့ လုပ်ရမှန်းမသိတဲ့ ကြီးမားများပြားတဲ့ အလုပ်တာဝန်တွေ ရှိတတ်ကြပါတယ်။ ဒီလိုအခြေအနေမျိုး ကြုံလာပြီဆိုရင် ဒီကြီးမားတဲ့ အလုပ်တာဝန်တွေကို အလုပ်တာဝန်ငယ်လေးတွေဖြစ်အောင် ပိုင်းထုတ်လိုက်ပါ။ တစ်ကြိမ်တည်းနဲ့ အပြီးလုပ်နိုင်မယ့် Mini Task လေးတွေကို ပိုင်းထုတ်လိုက်ပါ။

၂။ ဆင်ခြေများကနေ ရုန်းထွက်ပါ

“စိတ်ပါမှပဲ လုပ်တော့မယ်” “အချိန်ရသေးတာပဲ နောက်မှလုပ်လိုက်မယ်” “Pressure ရှိတဲ့အချိန်မှပဲ ရလဒ်ကောင်းကောင်း ထွက်မှာလေ” စတဲ့ စတဲ့ ကိုယ့်ကိုကိုယ် ဆင်ခြေပေးနေတာတွေကနေ ရုန်းထွက်လိုက်ပါ။ စိတ်ပါဝင်စားနေတုန်း အလုပ် လုပ်ရတာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒီစိတ်ပါတဲ့အချိန်ကို စောင့်နေရင် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေကို ဘယ်တော့မှ စနိုင်တော့မှာ မဟုတ်ပါဘူး။

၃။ အလုပ်အတွက် မသုံးရရင် ဖုန်းကို Airplane Mode လုပ်ထားပါ

အဆင့်မြင့်နည်းပညာတွေက ကိုယ့်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို များစွာ အနှောင့်အယှက် ပေးနေတတ်ပါတယ်။ Facebook လို Social media တွေကို ဖုန်းထဲမှာ ကြည့်နေရင်း ကိုယ့်ရဲ့ အရေးကြီး တာဝန်တွေကို ဘေးဖယ်ထားမိ တတ်ကြပါတယ်။ ဒါကြောင့်မို့ ကိုယ့်ရဲ့ လုပ်ငန်းတာဝန်တွေကို အာရုံစိုက် လုပ်ဆောင်ပြီး ပြီးမြောက်နိုင်ဖို့အတွက် မိုဘိုင်းဖုန်းကို Airplane Mode လုပ်ထားပြီး အံဆွဲထဲ ထည့်ထားဖို့တော့ လိုအပ်တာပေါ့။ ဖုန်းကို မမြင်ရ မကြားရဘူးဆိုရင် ကိုယ်အလွယ်တကူ အသုံးအပြုဖို့ အလားအလာ လျော့နည်းနိုင်မယ်လေ။

၄။ Notifications များကို ပိတ်ထားပါ

ဖုန်းကို အနီးနားမှာ မဖြစ်မနေထားရမယ့် အခြေအနေမျိုးဆိုရင်တော့ apps တွေကနေ အနှောင့်အယှက်ပေးတဲ့ notifications တွေ ဝင်မလာနိုင်အောင် ပိတ်ထားဖို့ လိုအပ်ပါတယ်။ အီးမေးလ်အသစ်တွေ ရောက်လာတိုင်း၊ Social media ကနေ Comment တွေ တက်လာတိုင်း သင့် ဖုန်းမျက်နှာပြင်မှာ Notification တွေ ပေါ်ပေါ်လာနေမယ်ဆိုရင်တော့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို အာရုံစိုက် လုပ်ဆောင်ဖို့ အချိန် လျော့နည်းပြီး ဖုန်းနဲ့သာ အချိန်ပိုကုန် သွားနိုင်ပါတယ်။

၅။ အချိန်အပိုင်းအခြားနဲ့ လုပ်ဆောင်ပါ

ကိုယ်ဟာ အချိန်တွေ အကြာကြီး အာရုံစိုက် အလုပ် လုပ်တတ်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုလူမျိုးဆိုရင်တော့ အချိန်တွေ အကြာကြီး မထတမ်း အလုပ်မလုပ်ဘဲ အချိန်လေးတွေ ပိုင်းခြားပြီးလုပ်ဖို့ ကြိုးစားကြည့်ပါ။ ၂၅မိနစ် နာရီဝက်လောက် အချိန်ပေးထားပြီး အဲဒီအချိန်အတွင်းမှာ ကိုယ့်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေအပေါ်ကိုပဲ အာရုံစိုက်လုပ်ဆောင်ပါ။ အချိန်စေ့သွားတဲ့အခါ ခဏလောက် နားလိုက်ပါ။ လုပ်ငန်းတာဝန်တွေ ပြီးမြောက်ဖို့အတွက် အချိန်တွေ ကျန်ပါသေးတယ်ဆိုပြီး စောင့်ဆိုင်းနေတာထက် အချိန် အပိုင်းအခြားလေးတွေနဲ့ အလုပ် လုပ်ခြင်းဟာ ပိုမိုထိရောက်မှု ရှိစေပါတယ်။

Ref: Knowledge: 5 NO-FAIL WAYS TO OVERCOME PROCRASTINATION NOW

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top